
စစ်ကောင်စီဆိုတဲ့ ရန်သူမှာ ချီးကျူးစရာတခုရှိပါတယ်။ အဲဒါကတော့ သူတို့ အာဏာတည်မြဲဖို့ လုပ်စရာရှိတာကို မြဲမြဲမြံမြံ ရဲရဲဝံ့ဝံ့ လုပ်ကိုင်တတ်တဲ့ အကျင့်ပါပဲ။ အခုလည်း မဲလိမ်မဲခိုးပွဲကနေတဆင့် တရားမဝင် အစိုးရတရပ် ဖွဲ့စည်းဖို့ အပူတပြင်းလုပ်နေပါတယ်။ ပေါ်တာဆွဲတာတွေကလည်း နေ့စဉ်ရက်ဆက် တရက်မှမနားဘူး။
အခုလည်း လာပြန်ပြီ နောက်တခု။ ဖုန်းတွေရဲ့ IMEI နံပါတ်တွေကို CEIR (Central Equipment Identity Register) စနစ်မှာ မဖြစ်မနေ မှတ်ပုံတင်ရမယ်ဆိုတဲ့ ကိစ္စပါပဲ။ ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်မှာ စစ်ကောင်စီက တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပါပြီ။ မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး အခွန်လွတ် မှတ်ပုံတင်ခိုင်းပါတယ်။ ဧပြီလ ၁ ရက်နေ့ကစပြီး မှတ်ပုံမတင်ထားရင် ဖုန်းတွေကို ပိတ်ပစ်မယ်၊ ဒဏ်ကြေးရိုက်မယ်လို့ ဆိုလာပါတယ်။ တဖက်မှာ နည်းပညာအရ၊ ဈေးကွက်အရ ဒါကြီးက လက်တွေ့ အလုပ်မဖြစ်နိုင်ပါဘူးလို့ သုံးသပ်နေကြပေမဲ့ စစ်ကောင်စီကတော့ သူတို့လုပ်စရာရှိတဲ့ အလုပ်ကို ရဲရဲတင်းတင်းပဲ ဆက်လုပ်နေတာပါ။ သူတို့ဟာ ပြည်သူတွေ ဘာပြောပြော ဂရုမစိုက်ဘဲ တရစ်ချင်း ကျပ်နေတာပဲ ဖြစ်ပါတယ်။
ရှေ့မှာ သန်းခေါင်စာရင်း ကောက်တယ်။ ပြီးတော့ စမတ်ကတ်တွေ အတင်းအကျပ် လုပ်ခိုင်းတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ ရွေးကောက်ပွဲကို ပြီးအောင်လုပ်ပြတယ်။ VPN တွေကို ပိတ်ဆို့ ဖမ်းဆီးတယ်။ အခုတခါ ပြည်သူလူထုရဲ့ ဖုန်းတွေကို ထိန်းချုပ်ဖို့ IMEI စနစ်ကို အသက်သွင်းလာပြန်ပါပြီ။
အာဏာရှင်တွေရဲ့ သဘောသဘာဝ
နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် အခု စစ်ကောင်စီ လုပ်နေတဲ့ကိစ္စက အာဏာရှင်တွေအတွက် အသစ်အဆန်း မဟုတ်ပါဘူး။
အာဏာရှင်စနစ် (Dictatorship) ရဲ့ အခြေခံ သဘောတရားက “ပြည်သူကို ကြောက်ရွံ့အောင် လုပ်ထားခြင်းနဲ့ အလုံးစုံ စောင့်ကြည့်ထိန်းချုပ်ခြင်း” ပဲ ဖြစ်ပါတယ်။ ပြည်သူတွေ ဘယ်သွားလဲ၊ ဘာလုပ်လဲ၊ဘယ်သူနဲ့ စကားပြောလဲ၊ ဘာတွေ တွေးနေလဲ ဆိုတာကို သူတို့ အမြဲသိချင်ကြပါတယ်။
ကမ္ဘာပေါ်က အာဏာရှင်နိုင်ငံတွေကို ကြည့်ပါ။ စစ်ကောင်စီရဲ့ မိတ်ဆွေကြီးတွေဖြစ်တဲ့ အီရန်၊ မြောက်ကိုရီးယား၊ ဘယ်လာရုစ်နဲ့ တရုတ်နိုင်ငံတို့ဟာ ဒီလို ဒစ်ဂျစ်တယ် စောင့်ကြည့်ရေးစနစ်တွေကို အသက်သွင်းပြီးသား ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာဆိုရင် လမ်းထောင့်တိုင်းမှာ မျက်နှာမှတ်မိတဲ့ ကင်မရာ (Facial Recognition) တွေ တပ်ထားတယ်။ လူတိုင်းရဲ့ ဖုန်းတွေကို WeChat လို App တွေကနေတဆင့် အမြဲတမ်း စောင့်ကြည့်နေတယ်။ ဖုန်းနံပါတ်နဲ့ ကိုယ်ရေးအချက်အလက်ကို ချိတ်ဆက်ထားတဲ့အတွက် အစိုးရကို ဝေဖန်တဲ့သူဟာ ဘတ်စ်ကားစီးခွင့်၊ ရထားစီးခွင့်ကအစ အပိတ်ခံရတဲ့အထိ ဒစ်ဂျစ်တယ် အကျဉ်းထောင်ကြီး တည်ဆောက်ထားတာပါ။
အခု စစ်ကောင်စီကလည်း အဲဒီ အာဏာရှင် ညီအစ်ကိုတွေဆီကနေ နည်းပညာတွေ၊ အကြံဉာဏ်တွေ ရယူနေတာ အထင်အရှားပါပဲ။ ပြည်သူတွေကို နိုင်ငံတကာ အာဏာရှင်တွေ ကျင့်သုံးတဲ့ ပုံစံအတိုင်း လိုက်ပြီး ချုပ်ကိုင်ဖို့ ကြိုးစားလာတာပါ။
IMEI ဆိုတာ ဘာလဲ။ ဒီစနစ်က ဘာလုပ်မှာလဲ။
ကျနော်တို့ သုံးနေတဲ့ ဘယ်ဖုန်းမှာမဆို IMEI (International Mobile Equipment Identity) ဆိုတဲ့ နံပါတ် ၁၅ လုံး ပါပါတယ်။ အလွယ်ပြောရရင် အဲဒါဟာ ဖုန်းတလုံးရဲ့ ‘ဒစ်ဂျစ်တယ် လက်ဗွေရာ’ ပါပဲ။
CEIR ဆိုတာက အဲဒီ IMEI နံပါတ်တွေကို မိုဘိုင်းအော်ပရေတာတွေနဲ့ အစိုးရက ပေါင်းပြီး ထိန်းချုပ်တဲ့ ဗဟိုမှတ်ပုံတင် စနစ်ကြီးပါ။
ဒီမိုကရေစီနိုင်ငံတွေမှာ ဒီစနစ်ကို ဖုန်းခိုးခံရရင် ပြန်ရှာဖို့၊ အသုံးမဝင်အောင် ပိတ်ပစ်ဖို့ သုံးပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီ လုပ်ချင်တာက အဲဒါ မဟုတ်ပါဘူး။ အခွန်မဆောင်ထားတာကို အကြောင်းပြပြီး လူတိုင်းရဲ့ ဖုန်းလက်ဗွေရာ (IMEI) ကို သူတို့ဆီ မဖြစ်မနေ အဓမ္မ လာမှတ်ပုံတင်ခိုင်းတာပါ။
ကိုယ့်ဖုန်းရဲ့ IMEI ကို CEIR မှာ မှတ်ပုံတင်လိုက်ပြီဆိုတာနဲ့ ကိုယ့်နာမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ ဒီဖုန်းထဲမှာ ထည့်သုံးတဲ့ ဆင်းမ်ကတ်နံပါတ် စတာတွေ အကုန်တွဲလျက်သား သူတို့ဆီ ရောက်သွားပါပြီ။ ဒီတော့ ကိုယ်က ဖုန်းတစ်ခေါက် ခေါ်လိုက်တာနဲ့၊ ဒါမှမဟုတ် အင်တာနက် ဖွင့်လိုက်တာနဲ့ ဘယ်တာဝါတိုင်နားမှာ ကိုယ်ရှိနေလဲ ဆိုတာကို အချိန်နဲ့တပြေးညီ ခြေရာခံလို့ ရသွားပါပြီ။
တကယ်ပဲ မှတ်ပုံမတင်ရင် ဖုန်းပိတ်သွားမလား
ဒီမေးခွန်းက အခု ပြည်သူတွေ အမေးအများဆုံးနဲ့ အစိုးရိမ်ဆုံး မေးခွန်းပါ။ တချို့ကလည်း “မဖြစ်နိုင်ပါဘူး၊ အကုန်မလုပ်ရင် သူတို့ ဘာမှ လုပ်လို့မရပါဘူး” လို့ ပြောကြတယ်။ ဒါဟာ မှန်သင့်သလောက်မှန်ပေမဲ့လည်း သိပ်လက်တွေ့ကျနေတာမျိုးတော့မဟုတ်ပါဘူး။
ဆင်းမ်ကတ်တွေ မှတ်ပုံတင်ရမယ် ဆိုတုန်းက အခြေအနေကို ပြန်ကြည့်ပါ။ အစကတော့ လူတွေက “ငါတို့ မလုပ်ဘူး၊ အားလုံး မလုပ်ရင် သူတို့ ပိတ်ရဲပိတ်ကြည့်ပေါ့” ဆိုပြီး တင်းခံခဲ့ကြတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူတို့က ချက်ချင်းကြီး အကုန်မပိတ်ပစ်ဘူး။ အဆင့်လိုက် အလုပ်ရှုပ်အောင် လုပ်လာတယ်။
ပထမ Message တွေ ပို့ပြီး သတိပေးတယ်။ နောက် Outgoing (ဖုန်းခေါ်ဆိုခွင့်) ပိတ်လိုက်တယ်။ နောက်တော့ အင်တာနက် ဒေတာ သုံးမရအောင် လုပ်တယ်။ အဲဒီလို တရစ်ချင်း ကျပ်လာတဲ့အခါ ကျနော်တို့ သာမန်ပြည်သူတွေဟာ လက်တွေ့ကျကျ စဉ်းစားလာရတော့တယ်။ လုပ်ငန်းကိစ္စ၊ မိသားစုကိစ္စတွေကြောင့် ဖုန်းမသုံးဘဲ မနေနိုင်ကြဘူးလေ။ နောက်ဆုံးတော့ ဒဏ်မခံနိုင်တဲ့အဆုံး ကြိတ်မှိတ်ပြီး သွားမှတ်ပုံတင်လိုက်ကြရတာပါပဲ။ အနည်းနဲ့အများတော့ မှတ်ပုံတင်သူ စာရင်းထဲ ပါသွားကြတာပါပဲ။
အခု IMEI ကိစ္စမှာလည်း ဒီအတိုင်းပဲ လာမှာပါ။ သူတို့က ဧပြီလ ၁ ရက်နေ့မှာ တနိုင်ငံလုံးက ဖုန်းတွေကို ခလုတ်နှိပ်ပြီး ရုတ်တရက်ကြီး ပိတ်ချလိုက်ဖို့ဆိုတာ နည်းပညာအရရော၊ စီးပွားရေးအရရော မဖြစ်နိုင်ပါဘူး။ (မြန်မာပြည်က ဖုန်း ၇၅ ရာခိုင်နှုန်းက Second-hand တွေနဲ့ တရုတ်ဖုန်းတွေ ဖြစ်နေလို့ပါ)။
ဒါပေမဲ့ သူတို့က အဲဒီလို ခလုတ်တချက်နှိပ်ပြီး မပိတ်ဘူး။ ခင်ဗျားကို “အလုပ်ရှုပ်အောင်၊ စိတ်ညစ်အောင်” လုပ်ပါလိမ့်မယ်။ မက်ဆေ့ချ်တွေ ဝင်လာမယ်။ ဖုန်းခေါ်ရင် “မှတ်ပုံတင်ရန် လိုအပ်ပါသည်” ဆိုတဲ့ အသံကြီး အရင်ကြားရမယ်။ အင်တာနက်လိုင်းကျသွားမယ်။ ဒီလိုနဲ့ အလုပ်အကိုင်တွေ ထိခိုက်လာတဲ့အခါ၊ ဖုန်းမဖြစ်မနေ သုံးရမယ့် သူတွေဟာ နောက်ဆုံးတော့ သွားပြီး မှတ်ပုံတင် (Register) လုပ်ကြမှာပါပဲ။
ဒါက လက်တွေ့ အခြေအနေပါ။ “ဘယ်သူမှ မှတ်ပုံမတင်ဘူး၊ ဒါကြီး ပျက်သွားမှာပဲ” လို့ မျှော်လင့်ချက် ပေးနေလို့ မရပါဘူး။ ပြည်သူအများစုကတော့ အနည်းနဲ့အများ မှတ်ပုံတင်ကြမှာပဲ ဆိုတဲ့ အမှန်တရားကို ကျနော်တို့ လက်ခံထားဖို့ လိုပါတယ်။
ဒါဆို သူတို့ အလုံးစုံ ထိန်းချုပ်နိုင်သွားပြီလား
အများစု မှတ်ပုံတင်ကြမယ် ဆိုပေမဲ့ စစ်ကောင်စီ မျှော်လင့်ထားတဲ့ တရုတ်နိုင်ငံလို အလုံးစုံ (၁၀၀ ရာခိုင်နှုန်း) ထိန်းချုပ်ဖို့ဆိုတာကတော့ မြန်မာပြည် အနေအထားနဲ့ လုံးဝ မဖြစ်နိုင်သေးပါဘူး။ ဖုန်းအဟောင်းတွေ၊ အပိုပစ္စည်း ဆားကစ်ပြားတွေနဲ့ စပ်သုံးနေတဲ့ ဖုန်းတွေ၊ အင်တာနက် ဖြတ်ခံထားရတဲ့ ဒေသက ဖုန်းတွေကို သူတို့ အကုန်လိုက်မထိန်းချုပ်နိုင်ပါဘူး။
သူတို့ တကယ်လုပ်မှာက “ပစ်မှတ်ထား စောင့်ကြည့်ခြင်း (Targeted Surveillance)” ပါ။
လူသန်း ၅၀ လုံးရဲ့ ဖုန်းတွေကို သူတို့ လိုက်မကြည့်နိုင်ပါဘူး။ ဒါပေမဲ့ သူတို့ သံသယရှိတဲ့သူ၊ သူတို့ ဖမ်းချင်တဲ့သူ (ဥပမာ- နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ PDF နဲ့ ပတ်သက်သူ) တယောက်ယောက်ကိုတော့ ဒီစနစ်ကနေတစ်ဆင့် အတိအကျ ခြေရာခံ လိုက်ဖမ်းပါလိမ့်မယ်။
လက်တွေ့ကျကျ ဘယ်လို ပြင်ဆင်ကြမလဲ
အခြေအနေက ဒီလိုဖြစ်လာပြီမို့ ထိတ်လန့်သွားစရာ မလိုသလို၊ ပေါ့ပေါ့ဆဆ နေလို့လည်း မရပါဘူး။ လေထဲတိုက်အိမ်ဆောက်တဲ့ အကြံပေးချက်တွေထက်၊ မြေပြင်မှာ တကယ် အလုပ်ဖြစ်မယ့် လက်တွေ့ကျတဲ့ ပြင်ဆင်မှုတွေ လုပ်ရပါမယ်။
၁။ မှတ်ပုံတင်ရတော့မယ်ဆိုရင် Factory Reset အရင်ချပါ (အရေးကြီးဆုံး)
အပေါ်မှာ ပြောခဲ့သလိုပါပဲ။ အခြေအနေအရ ကိုယ်က ဖုန်းဆက်သုံးဖို့ လိုအပ်လို့ မဖြစ်မနေ မှတ်ပုံတင်ရတော့မယ် ဆိုပါစို့။ မမှတ်ပုံတင်ခင် ကိုယ့်ဖုန်းကို Factory Reset (စက်ရုံထုတ် မူလအခြေအနေသို့ ပြန်လည်ပြောင်းလဲခြင်း) အရင်ချပစ်ပါ။
ဒါမလုပ်ခင် ကိုယ့်ဖုန်းထဲက အရေးကြီးတဲ့ ဖုန်းနံပါတ်တွေ၊ ဓာတ်ပုံ၊ ဗီဒီယို အားလုံးကို အခြားလုံခြုံတဲ့ နေရာတခုခု (Computer, Hard Drive, Cloud) ကို အရင် ရွှေ့ထားပါ။ Factory Reset ချလိုက်တာဟာ ဖုန်းထဲက အဟောင်းအစအန အကုန်လုံးကို ဖျက်ပစ်လိုက်တာပါ။ သင့်ဖုန်းဟာ သူတို့စနစ်ထဲ ဝင်သွားချိန်မှာ “ဖုန်းအလွတ်” တလုံး အနေနဲ့သာ ဝင်သွားပါစေ။
၂။ ဆက်သွယ်ရေး App များကို ခွဲခြားသုံးပါ
လုံခြုံရေးအရ Signal App ကို ပြောင်းသုံးဖို့ အကြံပေးကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဆွေမျိုးတွေ၊ အသက်ကြီးတဲ့သူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ အားလုံးကို ချက်ချင်းကြီး Signal ပြောင်းသုံးခိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့က Viber နဲ့ Messenger ကိုပဲ သုံးနေကြဦးမှာပါ။ ဒါကြောင့် “ခွဲခြားသုံးတဲ့ စနစ်” ကို ကျင့်သုံးပါ။
သာမန် နေ့စဉ်ကိစ္စတွေ၊ ဈေးဝယ်တာတွေ၊ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ မိသားစု စကားပြောတာတွေကို Viber, Messenger တို့ကနေ သာမန်အတိုင်းပဲ ပြောပါ။ (ဒါပေမဲ့ အဲဒီပေါ်မှာ နိုင်ငံရေး လုံးဝ မပြောပါနဲ့)။
အကယ်ရွေ့ သတင်းပို့စရာရှိရင်၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အရေးကြီး ကိစ္စပြောစရာရှိရင်၊ လုံခြုံရေးအရ စိုးရိမ်ရတဲ့ ကိစ္စဆိုရင်တော့ Signal လို App ကိုပဲ သီးသန့် အသုံးပြုပါ။ Signal ဟာ End-to-End Encryption အပြည့်အဝ ရှိလို့ သူတို့ ကြားဖြတ် မဖတ်နိုင်ပါဘူး။
၃။ VPN ကို အမြဲတမ်း ဖွင့်ထားပါ
ဘယ်အချိန်၊ ဘာပဲသုံးသုံး VPN (Virtual Private Network) ကို မဖြစ်မနေ ဖွင့်သုံးပါ။ VPN ဟာ သင်ဘယ်ဝက်ဘ်ဆိုက်ကို ဝင်ကြည့်နေလဲ၊ ဘာတွေလုပ်နေလဲ ဆိုတာကို အော်ပရေတာတွေ (စစ်ကောင်စီ) မသိအောင် ဖုံးကွယ်ပေးထားနိုင်ပါတယ်။
၄။ ဖုန်းထဲမှာ အန္တရာယ်ရှိတဲ့ ဒေတာတွေ လုံးဝ မသိမ်းပါနဲ့
ကိုယ့်ဖုန်းထဲမှာ သံသယဖြစ်စရာ၊ ပြဿနာတက်နိုင်စရာ ဓာတ်ပုံ၊ ဗီဒီယို၊ စာရွက်စာတမ်း၊ ငွေလွှဲပြေပိုင်း တစ်ခုမှ မသိမ်းထားပါနဲ့။ သူတို့က CEIR စနစ်ကနေ ဖုန်းထဲက ဓာတ်ပုံတွေကို လှမ်းမယူနိုင်ပေမဲ့ လမ်းမှာ ဖုန်းစစ်တာမျိုး၊ ဒါမှမဟုတ် သင့်ကို မသင်္ကာလို့ သင့်ဖုန်းထဲကို အခြား Spyware (သူလျှိုဆော့ဖ်ဝဲ) တွေ လှမ်းသွင်းပြီး ဒေတာခိုးတာမျိုးတွေ အလွယ်တကူ လုပ်လာနိုင်လို့ပါ။
နိဂုံးချုပ်
ခြုံငုံပြီး သုံးသပ်ရရင် အခု စစ်ကောင်စီ လုပ်နေတဲ့ IMEI မှတ်ပုံတင်ရေး CEIR စနစ်ဟာ တရုတ်နိုင်ငံလို တနိုင်ငံလုံးကို ထိန်းချုပ်ဖို့အတွက် အဆင့်ဆင့် အကောင်အထည်ဖော်နေတဲ့ အာဏာရှင်တွေရဲ့ ခြေလှမ်းတခုပါပဲ။
သူတို့ဟာ ရာနှုန်းပြည့် မအောင်မြင်နိုင်ရင်တောင်၊ ပြည်သူတွေ အလုပ်ရှုပ်အောင်၊ စိတ်ညစ်အောင် တရစ်ချင်း ကျပ်ပြီး နောက်ဆုံးမှာ အများစုကို မှတ်ပုံတင်လာအောင် ဖိအားပေးပါလိမ့်မယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ “ဘာမှမဖြစ်နိုင်ပါဘူး” ဆိုပြီး ပေါ့ပေါ့ဆဆ နေလို့မရသလို၊ အရမ်းကြီး ထိတ်လန့်တုန်လှုပ်နေစရာလည်း မလိုပါဘူး။ လက်တွေ့ကျကျ စဉ်းစားပါ။ လိုအပ်လာရင် Factory reset ချမယ်။ နိုင်ငံရေးကိစ္စကို Signalလို end-to-end encryption app နဲ့ပဲ ပြောမယ်။ ဖုန်းထဲမှာ အထောက်အထား မထားဘူး။ ဒီလို အသိပညာနဲ့ လက်တွေ့ ကာကွယ်မှုတွေကိုသာ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ အကျင့်တခုလို လုပ်ဆောင်ထားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
အားလုံးပဲ လုံခြုံဘေးကင်းကြပါစေ။


