Home
မြန်မာသတင်း
သရုပ်ဆောင် အဆိုတော် လမင်းကဗျာကို စစ်ကောင်စီက ဖမ်းဆီး
DVB
·
March 10, 2026
Photo: လမင်းကဗျာ/ Tiktok

သရုပ်ဆောင် အဆိုတော် လမင်းကဗျာကို စစ်ကောင်စီတပ်နဲ့ ရဲတွေက မတ် ၉ ရက် မနက် ၁၀ နာရီက လှိုင်မြို့နယ်ရှိ သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့မနက် ၁၀ နာရီက လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊  ဦးဖိုးမှန်လမ်းရှိ သူ့ရဲ့နေအိမ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက လာရောက်ဖမ်းဆီးခဲ့တာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“မြိုင်မြို့နယ်က အလှူပွဲတခုမှာ သီချင်းသွားဆိုတဲ့ကိစ္စကို  PDF တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းဖို့ စစ်တပ်လော်ဘီတွေက တယ်လီဂရမ်မှာ တောက်လျှောက်တင်နေတာ၊ ၈ ရက်နေ့ ညကတည်းက ရဲတွေနဲ့ ထောက်လှမ်းရေးတွေက အခြေအနေလာကြည့်နေတာ။ မနေ့မနက်က ဝင်ဖမ်းသွားတာ။ အဆိုတော် ဆိုတာကတော့ ငှားတဲ့သူရှိရင် သီချင်းဆိုမှာပဲလေ။”

သရုပ်ဆောင် အဆိုတော် လမင်းကဗျာဟာ မတ်  ၁ ရက်က PDF တွေ ထိန်းချုပ်ထားတဲ့ မြိုင်မြို့နယ်၊ ဝယ်တောင်ကျေးရွာက အလှူပွဲတခုမှာ သီချင်းဆိုတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် စစ်တပ်က ဖမ်းဆီးခံရတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

“စစ်တပ် လော်ဘီချန်နယ်တွေက ၂ ရက်နေ့ကတည်းက စပြီး တယ်လီဂရမ်မှာ ဖမ်းပေးဖို့ စတင်တာ။ ဆက်တိုက် ဗီဒီယိုဖိုင် အထောက်အထားတွေနဲ့တင်တော့ ပြည်ထဲရေးကနေ ဖမ်းခိုင်းတာ၊ အခုချိန်ထိတော့ အမှုဖွင့်တာမရှိသေးဘူး၊ စစ်ဆေးနေဆဲပဲ ရှိသေးတယ်။”

စစ်တပ်လော်ဘီချန်နယ်တွေဖြစ်တဲ့ ကျော်စိုးဦး၊ သဇင်ဦး၊ အောင်ကျော်မိုး၊ ဟန်ငြိမ်းဦးနဲ့ ဘညွန့် အစရှိတဲ့ တယ်လီဂရမ် ၁၂ ခုက မတ် ၂ ရက်စပြီး မတ် ၇ ရက်အထိ သရုပ်ဆောင် အဆိုတော် လမင်းကဗျာကို ဖမ်းဆီးပေးဖို့ ဆက်တိုက်ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာ လှိုင်မြို့နယ်ရဲစခန်းမှာ အဆိုတော် လမင်းကဗျာ (ခ) လှလှဝင်းကို စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးပြီး အမှုဖွင့်လှစ်ခြင်းမရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013