Home
မြန်မာသတင်း
မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ အပါအဝင် မကွေးထောင်က အကျဉ်းသား ၃၄၀ ကျော်လွတ်
DVB
·
March 8, 2026
မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ။ Photo: Magway Region Hluttaw

မကွေးတိုင်း၊ မကွေး-ရေနံချောင်း ကားလမ်းပေါ်မှာရှိတဲ့ ဒေါင်းနေထောင်လို့ လူသိများတဲ့ မကွေးဗဟိုအကျဉ်းထောင်ကနေ မတ် ၂ ရက်၊ တောင်သူလယ်သမားနေ့မှာ စစ်ကောင်စီရဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နဲ့ မကွေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတာ အပါအဝင် အကျဉ်းသား ၃၄၀ ကျော် လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေနဲ့ ပြန်လည်လွတ်မြောက်လာသူတွေဆီကနေ သိရပါတယ်။

မကွေးဗဟိုအကျဉ်းထောင်နဲ့နီးစပ်သူတယောက်က “နိုင်ငံရေးမှုတွေနဲ့ တခြားမှုတွေ အားလုံးပေါင်း ၃၄၃ ယောက် လွတ်မြောက်သွားပါတယ်။ လွတ်မြောက်သွားတဲ့အထဲမှာ အကြမ်းဖက် ပုဒ်မတွေဖြစ်တဲ့ ၅၂-က၊ ၅၀-ည နဲ့ အကျဉ်းကျခံနေရသူက ၉၀ ရာခိုင်နှုန်းနီးပါး ပါဝင်ပါတယ်။ ကျန်တာကတော့ တခြားမှုတွေပေါ့ဗျာ။ ၅၂-က နဲ့ ၅၀-ည ပုဒ်မတွေကို စိစစ်ပြီးလွှတ်တာလို့ သိရတယ်ဗျ။ အဲဒီပုဒ်မတွေနဲ့ အကျဉ်းကျခံနေရသူတွေ တော်တော်များများ အထဲမှာ ကျန်နေသေးတယ်” လို့ ပြောပါတယ်။

မတ် ၂ ရက်က လွတ်မြောက်သူတွေကို ထောင်ဝန်ထမ်းတွေက ၃ ကြိမ်ခွဲပြီး အသုတ်လိုက် လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

မကွေးထောင်ကနေ ပြန်လည်လွတ်မြောက်လာသူတယောက်က “အထဲမှာ အဲဒီနေ့က လွတ်ငြိမ်းပေးမယ် ဆိုတာကို ကြိုမသိကြဘူး။ မနက်မှ ဝါဒါတွေ အဆောင်တွေလှည့်ပြီး နာမည်စာရင်းတွေ လိုက်အော်မှ လွတ်ငြိမ်းရှိတယ်ဆိုတာ သိရတာ။ အကုန်မပါဘူး။ ကျနော့်လို ၅၂-က တွေအပြင် ၅၀-ည ပုဒ်မသမားတွေ ကျန်နေခဲ့တာမနည်းဘူး။ ကျနော်က ထောင်နေသား ၃ နှစ်လောက် ရှိပြီ။ လွတ်ပေါက်နဲ့ဆိုရင်လည်း ဒီနှစ်ထဲပဲ လွတ်မှာ။ အဲဒီနေ့က လွှတ်ပေးတဲ့ ဒုတိယအသုတ်ထဲမှာ ကျနော် ပါလာတာ။ သူတို့ဘက်က ဘယ်လိုစိစစ်ပြီး လွှတ်တယ်တော့ မသိဘူးဗျ။ ခံဝန်ထိုးပြီး ထွက်လာရတာ” လို့ DVB ကို ပြောပါတယ်။

မကွေးထောင်ကနေ လွတ်မြောက်လာသူ ၃၄၀ ကျော်ထဲမှာ အကြမ်းဖက်ပုဒ်မတွေဖြစ်တဲ့ ၅၂-က၊ ၅၀-ည ပုဒ်မနဲ့ အကျဉ်းချခံထားရသူ ၂၈၀ နီးပါးပါဝင်ပြီး အသက် ၇၀ ကျော်အရွယ် မကွေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ လည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စလင်းမြို့နယ်ရဲ့ အလုပ်အမှုဆောင်ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးတာလည်း ပါဝင်လာတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ NLD ပါတီ အရပ်သားအစိုးရဆီကနေ အာဏာသိမ်းပြီး မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အပါအဝင် မကွေးတိုင်းထဲက တခြားဝန်ကြီးတွေနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို မတရားဖမ်းဆီးပြီး မကွေးဗဟိုထောင်မှာ ချုပ်နှောင်ထားတာ ၅ နှစ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

Photo: Magway Region Hluttaw (မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013