
ဧရာဝတီတိုင်းမှာ စက်သုံးဆီအရောင်းဆိုင်တွေကို စစ်တပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဆိုင်မပိတ်ဖို့နဲ့ ဈေးတင်မရောင်းဖို့ဆိုပြီး လိုက်လံစစ်ဆေး သတိပေး ခြိမ်းခြောက်နေတယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
မတ် ၈ ရက်နဲ့ ၉ ရက်တွေကစတင်လို့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က ဦးဆောင်ကာ စည်ပင် သာယာရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ စတဲ့ဦးစီးဌာနဲ့ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေက လိုက်လံစစ်ဆေးပြီး သတိပေးခြိမ်းခြောက်တာလို့ ဆိုပါတယ်။
ဒေးဒရဲမြို့နယ်က စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင်တယောက်က “ဆီကျတော့ လိုသလောက် မရဘူး။ အချက် ၅ ချက်၊ ၆ ချက်လောက်နဲ့ လာစစ်ဆေးတယ်။ စက်သုံးဆီတွေ ရောင်းချတာမရပ်ဖို့၊ အကန့်အသတ်နဲ့မရောင်းဖို့၊ ဈေးတင်မရောင်း၊ ဆီပြတ်တာမဖြစ်စေဖို့ အချက်တွေ စစ်တာ။ အချက်တခုခုနဲ့ ငြိရင် ဖမ်းဆီးအရေးယူမယ်ဆိုပြီး စစ်သွားတာ”လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက မအူပင်၊ ကျောင်းကုန်း၊ ဒေးဒရဲ၊ သာပေါင်း၊ ဟင်္သာတ၊ ကျိုက်လတ် စတဲ့ မြို့နယ်တွေမှာ စစ်တပ်နဲ့ ရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့က တိုင်းအစိုးရအဖွဲ့ရဲ့ တာဝန်ပေးချက်နဲ့ စတင် လိုက်လံစစ်ဆေးနေတာလို့ သိရပါတယ်။
စစ်ဆေးရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ ပိတ်တဲ့ဆိုင်တွေကို စစ်ဆေးတွေ့ရှိတယ်ဆို တခါတည်းဖမ်းဖို့အထိ ညွှန်ကြားထားတာတယ်။ အုပ်ချုပ်ရေးနဲ့ ရဲက အဓိကစစ်ဆေးရတာ။ ကျန်တဲ့အဖွဲ့ အစည်းတွေက အင်အားဖြည့်တာ”လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ စက်သုံးဆီဒီဇယ်နဲ့ ဓာတ်ဆီတွေပြတ်လပ်မှုကြောင့် လပွတ္တာ၊ ကျိုက်လတ်၊ ဟိုင်းကြီးကျွန်း စတဲ့မြို့နယ်တွေက စက်သုံးဆီဆိုင် ၁၀ ဆိုင်ထက်မနည်း အရောင်း ရပ်ဆိုင်းထားရတယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်း လုပ်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းထဲမှာ လက်ရှိ ၉၂ အမျိုးအစား တလီတာကို ကျပ် ၆,၀၀၀ ၊ ဓာတ်ဆီ ၉၅ အမျိုးအစား တလီတာကို ကျပ် ၈၅၀၀ ၊ ဒီဇယ် တဂါလန်ကို ကျပ် ၄၀,၀၀၀ ဈေးပေါက်နေတယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။


