
မြန်မာနိုင်ငံကထွက်တဲ့ သဘာဝဓာတ်ငွေ့ရဲ့ ၉၈ ရာခိုင်နှုန်းဟာ ကမ်းလွန်လုပ်ကွက်တွေကနေ လာတာဖြစ်ပေမဲ့ အဲဒီကထွက်တဲ့ ဓာတ်ငွေ့ရဲ့ ၄ ပုံ ၃ ပုံကို ပြည်ပကို တင်ပို့ပြီး ကျန် ၁ ပုံသာ ပြည်တွင်းမှာ သုံးစွဲခွင့်ရတာ ဖြစ်ပါတယ်။
မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)နဲ့ ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကကုမ္ပဏီတွေ ပူးပေါင်းပြီး လုပ်ကိုင်နေတဲ့ ကမ်းလွန်စီမံကိန်း ၇ ခုရှိပြီး လက်ရှိမှာ ရတနာ၊ ရဲတံခွန်၊ ဇောတိကနဲ့ ရွှေစီမံကိန်း ၄ ခုကနေသာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ထုတ်ယူနေပါတယ်။
ဒီစီမံကိန်း ၄ ခုကနေ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁,၃၀၀ ကျော်ထွက်ရှိပြီး ၁,၀၀၀ ကျော် ကတော့ ပြည်ပကို တင်ပို့တာဖြစ်ပါတယ်။ ရွှေစီမံကိန်းကထွက်တဲ့ ဓာတ်ငွေ့ကို တရုတ်ကို အဓိကတင်ပို့ပြီး ဇောတိက၊ ရတနာ၊ ရဲတံခွန်ကနေ ထွက်တဲ့ ဓာတ်ငွေ့ကိုတော့ ထိုင်းကို တင်ပို့ပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံ လျှပ်စစ်လိုအပ်ချက်ရဲ့ ၁၄ ရာခိုင်နှုန်းကို ဒီစီမံကိန်း ၃ ခုကနေ ဖြည့်ဆည်းပေးနေတာပါ။
ကမ်းလွန်လုပ်ကွက်တွေက ရရှိတဲ့ ဓာတ်ငွေ့တွေဟာ ပြည်တွင်းစွမ်းအင်ဖူလုံမှုထက် ပြည်ပကိုသာ ရောင်းချပြီး နိုင်ငံခြားငွေ ရှာဖွေနေတာပါ။ ဒီစီမံကိန်းတွေက နေ့စဉ်ထွက်တဲ့ သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၀၀ ဝန်းကျင်ကိုသာ ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အားအတွက် ပြန်လည်သုံးစွဲခွင့် ရရှိတာပါ။
မြေအောက်သယံဇာတတွေ ထုတ်ယူသုံးစွဲနိုင်မှုဟာ အကန့်အသတ်နဲ့သာ ရှိပါတယ်။ အခု ထုတ်ယူနေတဲ့ ကမ်းလွန်လုပ်ကွက်တွေဟာ အနည်းဆုံး နှစ် ၂၀ ကျော် သက်တမ်းရှိနေတာကြောင့် အချိန်ကြာလာတာနဲ့အမျှ ဓာတ်ငွေ့ထွက်ရှိမှု လျော့နည်း ကျဆင်းလာနေပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီအနေနဲ့ လက်ရှိ လုပ်ကွက်တွေမှာ တိုးထုတ်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနေသလို ဓာတ်ငွေ့သိုက် အသစ်တွေကိုလည်း ရှာဖွေနေပါတယ်။
လက်ရှိမှာ ပြည်သာယာ၊ အောင်သိင်္ခနဲ့ မင်းရဲသူစီမံကိန်းတွေကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်ဖို့ MOGE နဲ့ ကုမ္ပဏီတွေကြား ထုတ်လုပ်မှုအပေါ် ခွဲဝေရေး သဘောတူစာချုပ်တွေ ချုပ်ဆို ထားကြပါတယ်။ အောင်သိင်္ခနဲ့ မင်းရဲသူ စီမံကိန်းတွေကနေ ၂၀၂၈ ခုနှစ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိထားရပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သဘာဝဓာတ်ငွေ့သိုက်ကြီး တခုကို ရှာဖွေတွေ့ရှိထားပြီး လာမဲ့ ၂ နှစ်အတွင်း ထုတ်လုပ်နိုင်မယ်လို့ လူသိရှင်ကြား ပြောထားပါသေးတယ်။
Infographic: DVB


