Home
မြန်မာသတင်း
ရခိုင် မြို့နယ် ၃ ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲ ၁၇၀၀ ကျော် ဖြေဆို
DVB
·
March 12, 2026
မာန်အောင်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားများကို မတ် ၁၁ ရက်က တွေ့ရစဉ်။ (Photo: MOI)

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားသူ ၁,၈၁၀ ယောက်ရှိပြီး အဲဒီအထဲမှာ ဖြေဆိုသူ ၁,၇၀၃ ယောက်သာရှိခဲ့တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ဒီနှစ် ပထမနေ့ စာရင်းတွေအရ စာမေးပွဲဖြေဆိုသူ ၁,၇၀၃ ဦးရှိတယ်။ ပျက်ကွက်ကတော့ ၁၀၇ ဦး ရှိတယ်။ မြို့နယ် ၃ ခုမှာ စာစစ်ဌာန ၁၁ ခုနဲ့ စာမေးပွဲစစ်ဆေးနေတာ။ ဒီနှစ် ဖြေဆိုမှုနှုန်းကတော့ ပြီးခဲ့တဲ့ နှစ်ကထက် အနည်းငယ်မြင့်တယ်မှု ရှိတယ်လို့ ပြောရမယ်။ ပြီးတဲ့ နှစ်ကထက် စာမေးပွဲ ဖြေဆိုသူ ၁၀၀ ကျော်တိုးလာတာရှိတယ်” လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ်က ရခိုင်ပြည်က စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့နယ် ၃ ခုမှာ စာမေးပွဲဖြေဆိုသူ ၁,၅၆၄ ယောက်သာရှိခဲ့ပြီး အခု ၂၀၂၆ ခုနှစ်မှာ စာမေးပွဲဖြေဆိုသူ ၁,၇၀၃ ဦးအထိ ရှိလာတယ်လို့ ပြည်နယ် ပညာရေးမှူးရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

လက်ရှိ စာမေးပွဲစစ်ဆေးနေတဲ့ စစ်ကောင်စီထိန်းချုပ်မြို့နယ် ၃ ခုမှာ စစ်ကောင်စီက လုံခြုံရေးတွေ တင်းကျပ် တိုးချဲ့ ချထားတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ ခုရှိတဲ့အထဲက ကျန်မြို့နယ်မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီမြို့နယ်တွေမှာလည်း အာရက္ခတပ်တော်က စင်ပြိုင် ပညာရေးစနစ်တည်ဆောက်ပြီး လည်ပတ်နေကြတာလည်းဖြစ်ပါတယ်။

ရခိုင်မှာ စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကောင်စီထိန်းချုပ်မြို့နယ်တွေနဲ့ AA ထိန်းချုပ်မြို့နယ်တို့က ငွေကြေးတတ်နိုင်သူ ကျောင်းသားအချို့ဟာ ရန်ကုန်နဲ့ ပြည်မဘက်ကို ရွှေ့ပြောင်းပညာသင်ကြားမှု မြင့်တက်လာတယ်လို့ ရခိုင်ဒေသခံ ကျောင်းဆရာတယောက်က ပြောပါတယ်။

“ရခိုင်မှာ တိုက်ပွဲတွေစဖြစ်ကတည်းက ပညာရေးအခန်းကဏ္ဍာက ပုံမှန်မဟုတ်သေးဘူး။ စစ်ကောင်စီ ထိန်းချုပ်မြို့နယ်တွေမှာ ရှိနေကြသေးတဲ့ သူတွေဟာလည်း နယ်မြေမလုံခြုံတာတွေ ကြောင့် ပြည်မဘက်ကို မိသားစုစစ်ရှောင်သွားကြတာမျိုးရှိသလို ငွေကြေးတက်နိုင်တဲ့ သူတွေက လည်း သား ၊သမီးတွေကို ရန်ကုန်ဘက်ကို စာသင်ဖို့ ပို့ထားကြတာရှိတယ်။ AA ထိန်းချုပ်မြို့နယ် တွေမှာလည်း ပညာရေးက ပုံမှန်မဟုတ်သေးတော့ အချို့ကျောင်းသားတွေက ရန်ကုန်ဘက်ကို ကျောင်းတက်ဖို့ ထွက်ခွာကြတာတွေလညးရှိတယ်” လို့ ပြောပါတယ်။

လက်ရှိ တက္ကသိုလ်ဝင် စာမေးပွဲစစ်ဆေးနေတဲ့ မြို့နယ် ၃ ခုမှာ မာန်အောင်မြို့နယ်က လွဲပြီး စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ AA တို့အကြား စစ်ရေးတင်းမာနေပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ မဖြစ်သေးတဲ့ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသား ၁၇,၀၀၀ နီးပါးအထိ ရှိခဲ့တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးရဲ့ စာရင်းတွေ အရသိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013