Home
မြန်မာသတင်း
စစ်ကောင်စီ လွတ်ငြိမ်းတွင် ရခိုင်က နိုင်ကျဉ်း ၂ ဦးသာ လွတ်မြောက်
DVB
·
March 5, 2026
Photo: ပုံဟောင်း

စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့တဲ့ မတ် ၂ ရက် တောင်သူလယ်သမားနေ့မှာ ရခိုင်ပြည်ရှိ စစ်တွေအကျဉ်းထောင်နဲ့ ကျောက်ဖြူအကျဉ်းထောင်တို့က နိုင်ငံရေးအကျဉ်းသား ၂ ယောက်သာ လွတ်မြောက်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက်က (PPNM) က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေအထဲမှာ စစ်တွေ အကျဉ်းထောင် က အမျိုးသားတယောက်နဲ့ ကျောက်ဖြူအကျဉ်းထောင်က အမျိုးသား တယောက်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်တွင် မြို့သိမ်းတိုက်ပွဲ မဖြစ်ခင်နဲ့ မြို့သိမ်းတိုက်ပွဲဖြစ်ပြီး စစ်တွေနဲ့ ကျောက်ဖြူမြို့တို့မှာ စစ်ကောင်စီက အာရက္ခတပ်တော်နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲထားပြီး ဖမ်းဆီးထောင်ချထားသူ ရာနဲ့ ချီပြီး ရှိနေတာလည်းဖြစ်ပါတယ်။

ရခိုင်က နိုင်ငံရေးအကျဉ်းသားတွေကို ချန်လှစ်ထားတာဟာ စစ်ကောင်စီက သီးသန့် ဖိနှိပ်ထားတာ ဖြစ်ပြီး အာရက္ခတပ်တော်ကိုလည်း နိုင်ငံရေးအရ ဖိအားပေးဖို့ မလွှတ်ပေးတာ ဖြစ်နိုင်တယ်လို့ ရခိုင် က နိုင်ငံရေးအကျဉ်းသားဟောင်း အမျိုးသားတယောက်က ပြောပါတယ်။

“နိုင်ငံတဝန်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတယ်ဆိုတော့ ရခိုင်မှာလည်း ဘယ်နှယောက် လောက် လွတ်မလဲဆိုပြီး ကျနော်တို့လည်း စိတ်ဝင်တစား စောင့်ကြည့်ဖြစ်တယ်။ အခု တပြည်လုံး က ၂ ယောက်ပဲ ပါတယ်ဆိုတော့ ဒီဟာက သာမန်ဖြစ်စဉ်မဟုတ်တော့ဘူး။ ရခိုင်က နိုင်ကျဉ်းတွေကို သီးသန့်ဖိနှိပ်ထားတာ။ နောက် AA ဆက်စပ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးထားသူတွေဆိုတော့ လက်ရှိ ရခိုင်က အရှုံးကို နိုင်ကျဉ်းတွေအပေါ်မှာ လက်စားချေတာမျိုး လုပ်တာလို့ သုံးသပ်လို့ ရနိုင်တယ်။ AA ကိုလည်း နိုင်ငံရေးအရ ဖိအားပေးဖို့ နိုင်ကျဉ်းတွေကို မလွှတ်ပေးတာလည်းဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

စစ်တွေအကျဉ်းထောင်နဲ့ ကျောက်ဖြူအကျဉ်းထောင်တွေမှာ အာရက္ခတပ်တော်နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးကျဉ်းသား ၃၀၀ ကျော် ရှိနိုင်တယ်လို့ ရခိုင် နိုင်ကျဉ်းဟောင်းတွေက ခန့်မှန်းကြပါတယ်။

စစ်ကောင်စီက တောင်သူလယ်သမားတွေ အထိမ်းအမှတ်အဖြစ် လွှတ်ပေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေအထဲမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)နှင့် ၅၂(က) အပါဝင် လက်နက်အရေးပေါ် အက်ဥပဒေအချို့နဲ့ ထောင်ချခံထားရသူ၊ တရားရင်ဆိုင်နေရသူတွေ ပါဝင်တယ် လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

တောင်သူလယ်သမားနေ့မှာ နိုင်ငံတဝန်းလုံးရှိ အကျဉ်းထောင်တွေက နိုင်ငံရေး အကျဉ်းသား ၇,၃၃၇ ယောက်နဲ့ အမှုရင်ဆိုင်နေရသူ ၁၂,၄၈၇ ယောက်ကို လွတ်ငြိမ်ခွင့်ပေးမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပေမဲ့ မတ် ၄ ရက် ညနေအထိ နိုင်ငံတဝန်းလုံးရှိ အကျဉ်းထောင် ၃၉ ခုက နိုင်ငံရေး အကျဉ်းသား ၄,၄၀၃ ယောက်သာ လွတ်မြောက်သေးတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013