
ရခိုင်ပြည်နယ်က အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ကမ်းရိုးတန်းမြို့နယ်တွေက ငါးဖမ်းသမားတွေကို စစ်ကောင်စီရေတပ်က ဖမ်းဆီးတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ငါးဖမ်းလုပ်ငန်း ရပ်တန့်ထားရပြီး စားဝတ်နေရေး အကျပ်အတည်းဖြစ်နေကြတယ်လို့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ပေါက်တောမြို့နယ် မြေငူကျွန်းနဲ့ အနောက်ရဲ မွတ်ဆလင်ကျေးရွာက ငါးဖမ်းသမား ၁၆ ယောက်ကို စစ်ကောင်စီရေတပ်က ဇန်နဝါရီ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ရိုက်နှက်ငွေညှစ်ခဲ့သလို၊ ဂွမြို့နယ်နဲ့ သံတွဲမြို့နယ်တို့မှာလည်း စစ်ကောင်စီရေတပ်က ငါးဖမ်းသမားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ငါးဖမ်းလုပ်ငန်းကို ရပ်တန့်ထားရတယ်လို့ ဒေသခံငါးဖမ်းသမားတွေက ပြောပါတယ်။
ပေါက်တောမြို့နယ်မှာလည်း စစ်ကောင်စီရေတပ်က ဖမ်းဆီးတာ၊ ရိုက်နှက်ငွေညှစ်တာနဲ့ ပစ်ခတ်တာတွေကြောင့် ငါးဖမ်းသမားတွေဟာ ငါးမဖမ်းရဲတော့ဘဲ စားဝတ်နေရေး အကျပ်အတည်းကြုံနေကြရတယ်လို့ ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းက ဒေသခံ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတယောက်က ပြောပါတယ်။
“ကျနော်တို့ဒေသက ငါးဖမ်းလုပ်ငန်းတွေကို အဓိကလုပ်ငန်းကြတာ။ စစ်ပွဲတွေ ဖြစ်ကတည်းက ကမ်းဝေးသွားပြီး ငါးမဖမ်းရဲကြတော့ဘူး။ စစ်ကောင်စီနေဗီတွေနဲ့တွေ့ရင် ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ AA ဆိုပြီး ရိုက်နှက်တာတွေခံရတယ်။ ဖမ်းဆီးခံရပြီဆိုရင် မသက်သာတော့ဘူး။ ကျနော်တို့ ပေါက်တောမြို့နယ်မှာဆို ငါးဖမ်းသမားတွေ ဖမ်းဆီးခံရပေါင်းလည်း မနည်းတော့ဘူး။ လှေတွေ၊ ပိုက်တွေကိုလည်း အကုန်သိမ်တာ။ ငွေညှစ်တယ်၊ ငွေပေးနိုင်မှလွတ်တာ။ အဲဒီလို ဖမ်းဆီးမှုတွေရှိတော့ ဘယ်သူမှ ကမ်းဝေးကိုထွက်ပြီး ငါးမဖမ်းရဲတော့ စားဝတ်နေရေးက လုံးဝကို အဆင်မပြေကြဘူး” လို့ပြောပါတယ်။
စစ်ကောင်စီရဲ့ ရေတပ်သင်္ဘော ၃ စင်းကနေ ၅ စင်းအထိဟာ စစ်တွေနဲ့ ကျောက်ဖြူအကြားမှာ အမြဲတမ်း ကင်းလှည့်သွားလာနေတာဖြစ်ပြီး သူတို့နဲ့တွေ့ရင် ဖမ်းဆီးတာ၊ ရိုက်နှက်တာ၊ ငွေညှစ်တာတွေ ခံကြရတယ်လို့ ဒေသခံငါးဖမ်းသမားတွေက ပြောပါတယ်။
ဒါ့အပြင် သံတွဲနဲ့ ဂွမြို့နယ်ဘက်မှာလည် စစ်ကောင်စီက ပင်လယ်ပြင်ငါးဖမ်းထွက်သူတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ဒေသခံငါးဖမ်းသမားတွေ ငါးဖမ်း မထွက်ရဲကြဘူးလို့ ငါးဖမ်းသမားတွေက ပြောပါတယ်။
သံတွဲမြို့နယ်၊ ငပလီမြို့ခံ အမျိုးသားတယောက်က “သံတွဲနဲ့ ဂွဘက်မှာ ငါးဖမ်းလုပ်ငန်းကို AA ဘက်က ကန့်သတ်ပြီး ခွင့်ပြုထားတာရှိတယ်။ ကမ်းဝေးတွေကို သွားခွင့်မရှိဘူး။ အဓိကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးတာ ပစ်ခတ်တာတွေကြောင့် ငါးဖမ်းသမားတွေ အန္တရာယ်မဖြစ်အောင်ဆိုပြီး တားမြစ်ထားတာ။ ကမ်းနီးမှာ ငါးဖမ်းရတာက ငါးမရဘူးလေ။ အရင်လိုလည်း ငါးဖမ်းမရတော့ ငါးဖမ်းသမားတွေရဲ့ ဝင်ငွေနဲ့ စားဝတ်နေရေးက ဘယ်လိုမှ အဆင်မပြေတော့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်တောင်ပိုင်းက သံတွဲ၊ ဂွမြို့နယ်တို့က ငါးဖမ်းသမားတွေ ပင်လယ်ပြင်ထွက်ရင်ဖမ်းဆီးသလို ကမ်းခြေကရွာတွေကိုလည်း သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ငါးဖမ်းမထွက်ရဲကြတာလို့ ဆိုကြပါတယ်။
ရခိုင်ပြည်နယ်က ကမ်းရိုးတန်းမြို့နယ်တွေဟာ ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာဖြစ်တာပြီး ငါးဖမ်းလုပ်ငန်းရပ်တန့်ထားရတဲ့အတွက် စီးပွားကျပ်တည်းမှုနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က ၁၄ မြို့နယ်ကို AA က သိမ်းပိုက်ထားပေမဲ့ စစ်ကောင်စီက ပင်လယ်ပြင်မှာ ရေတပ်သင်္ဘောတွေနဲ့ နှောင့်ယှက်နေတာကြောင့် ငါးဖမ်းလုပ်ငန်း ပုံမှန်အတိုင်း မလည်ပတ်နိုင်တော့တာပါ။


