Home
မြန်မာသတင်း
စပါးဈေးကောင်းမရသဖြင့် ရခိုင်တောင်သူများ အရှုံးပေါ်နေ
DVB
·
February 17, 2026

ရခိုင်ပြည်နယ်မှာ အခုနှစ် စိုက်ပျိုးရာသီမှာ ထွက်တဲ့ စပါးတွေကို ဝယ်လက်နည်းပါးသလို စပါးဈေးလည်း မကောင်းတာကြောင့် လယ်သမားတွေ အရှုံးနဲ့ ရင်ဆိုင်နေကြရတယ်လို့ တောင်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ အခုနှစ် စပါးဝယ်ယူတဲ့ ကုန်သည်တွေ အလွန်နည်းပါးသလို အာရက္ခတပ်တော် (AA) က ဝယ်ယူမှုဟာလည်း အကန့်အသတ်နဲ့သာ ဝယ်ယူပြီး ဈေးနှုန်းက ဈေးကောင်းမရတဲ့အတွက် အရှုံးဘက်ကို ဦးတည်နေတယ်လို့ မြောက်ဦး လယ်သမားတယောက်ဖြစ်တဲ့ ဦးအောင်ကျော်စိန်က ပြောပါတယ်။

“ဒီနှစ်စိုက်ပျိုးရာသီ ရိတ်သိမ်းပြီးချိန်မှာလည်း စပါးဝယ်လိုအားက လုံးဝမရှိသလို ဈေးနှုန်းက မကောင်းဘူး ဖြစ်နေတယ်။ စပါးဝယ်တဲ့ ကုန်သည်တွေဆို လုံးဝကို မရှိဘူး။ တချို့မြို့နယ်တွေမှာတော့ AA ဘက်က ဝယ်ယူနေတာတွေ ရှိတယ်လို့ ကြားပေမဲ့ လယ်သမားတွေဆီက အကန့်အသတ်တွေနဲ့ ဝယ်နေတာလို့ သိရတယ်။ ဈေးနှုန်းကလည်း နှစ်တိုင်းလိုပဲ ပုံမှန်ဈေးနှုန်းပဲ။ သွင်းအားစုစရိတ်နဲ့ လက်ရှိ စပါးဈေးနှုန်းနဲ့ တွက်ရင် ဘယ်လိုမှ မမြတ်ဘူး။ အရှုံးဘက်ကိုပဲ ဦးတည်နေတာ။”

လက်ရှိ အာရက္ခတပ်တော်က ဝယ်ယူနေတဲ့ စပါးဈေးကွက်ဟာ စပါးအရည်အသွေးကို အဆင့်လိုက် သတ်မှတ်ပေးထားပြီး အရည်အသွေးအကောင်းဆုံး ပေါ်ဆန်းမွေး စပါးတင်း ၁၀၀ ကို ကျပ်ငွေ ၈ သိန်း ပေါက်ဈေးရှိပြီး အရည်အသွေးညံ့ရင် ဈေးလည်း လျော့နည်းသွားသလို အရည်အသွေးကောင်းတဲ့ ကောက်လျင် စပါး တင်း ၁၀၀ ကို ၆ သိန်းအထိ ပေါက်ဈေးရှိတယ်လို့ တောင်သူတွေက ပြောကြပါတယ်။

ရခိုင်ပြည်မှာ အခုနှစ် စိုက်ပျိုးရာသီအတွင်း စက်သုံးဆီ တပေပါကို ကျပ်ငွေ သိန်း ၂၀ အထိ ပေါက်ဈေးရှိသလို ဓာတ်မြေဩဇာတအိတ်ကို ကျပ်ငွေ ၁ သိန်းခွဲကနေ ၃ သိန်းအထိ ရှိခဲ့တာကြောင့် လယ်ဧကရဲ့ ထွန်ယက်ခနဲ့ ရိတ်သိမ်းခဟာ အနည်းဆုံး ကျပ်ငွေ ၁၅ သိန်းအထိ ကုန်ကျခဲ့ကြတယ်လို့ တောင်သူတွေက ပြောပါတယ်။

လယ်တဧက ပေါ်ဆန်မွေးစပါးဟာ ပျမ်းမျှ တင်း ၁၅၀ ဝန်းကျင်သာ စိုက်ပျိုးစရိတ်ကို ကာမိတဲ့အတွက် အရှုံးပေါ်ပြီးသားဖြစ်တယ်လို့ ကျောက်တော် လယ်သမား ဦးမောင်ထွန်းက ပြောပါတယ်။

“ရခိုင်မှာ လယ်စိုက်ပြီး ရှုံးနေတာ ၃ နှစ်လောက်ရှိပြီ။ ဒီဟာက လယ်သမားတွေရဲ့ ပကတိအခြေအနေကို ပြောပြတာ။ ဒီအချိန် ဘယ်သမားမှ လယ်စိုက်လို့ အမြတ်ရှိတယ်ဆိုတာ မရှိဘူး။ တခြား အလုပ်လုပ်စရာမရှိလို့ လယ်လုပ်နေကြရတာ။ ဒီနှစ်လည်း စပါးအဝယ်မရှိသလို လက်ရှိပေါက်ဈေးကလည်း စိုက်ပျိုးစရိတ်နဲ့ဆို လုံးဝကို မကိုက်ဘူး။ တဧက စိုက်ပျိုးစရိတ်က ၁၅ သိန်း ဆိုရင် ပြန်ရတာက ၁၂ သိန်းဖိုးလောက်ပဲ ရှိတယ်။ ရှုံးတယ် ဆိုတာက အထွက်နှုန်း ကျဆင်းလို့ မဟုတ်ဘူး။ ဈေးကောင်းမရလို့ သွင်းအားစုစရိတ်က အဆမတန်မြင့်တက်လို့။ ဒီဟာတွေကို အစိုးရဘက်က လယ်သမားတွေ ရပ်တည်နိုင်အောင် တခုခု ချိန်ညှိပေးစေချင်တယ်။”

ရခိုင်ပြည်က တောင်သူတွေဟာ ၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီကတည်းက နှစ်စဉ်နှစ်တိုင်း အရှုံးတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပြီး စိုက်ပျိုးလယ်ဧကတွေဟာလည်း တဝက်နီးပါးအထိ လျော့ကျသွားတယ်လို့ တောင်သူအရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

ရခိုင်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်ကောင်စီက ရခိုင်ပြည်ကို ကုန်စည်စီးဆင်းခွင့် ပိတ်ထားတဲ့အတွက် ရခိုင်က ထွက်ကုန်တွေကို တင်ပို့မဲ့နေရာ မရှိသလို ရခိုင်ပြည်ကို ဝင်ရောက်တဲ့ ကုန်ပစ္စည်းတွေဟာလည်း ဈေးနှုန်း အဆမတန် မြင့်တက်လာတာကြောင့် ရခိုင်ပြည်ရဲ့ စီးပွားရေးဟာ နှစ်စဉ် အကျဘက်ကို ဦးတည်နေတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013