
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စဖန်မိုင်ဒေသရှိ ကွေ့သယို ခေါက်ဆွဲဆိုင်တဆိုင်မှာ အလုပ်လုပ်နေတုန်း ဆိုင်ရှင်သူဌေးရဲ့ ရိုက်နှက်နှိပ်စက်မှုကို ခံခဲ့ရတဲ့ ပအိုဝ်းတိုင်းရင်းသူ အလုပ်သမား အမျိုးသမီး ၂ ယောက်ဟာ မတ် ၁၁ ရက်မှာ ၂ ယောက်စလုံး လွတ်မြောက်လာတယ်လို့ ထိုင်းရောက် ပအိုဝ်းအရေး လှုပ်ရှားသူတွေထံက သိရတယ်။
အဆိုပါ အမျိုးသမီး ၂ ယောက်ဟာ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်နဲ့ ဟိုပုံးမြို့နယ်တို့က လာရောက် အလုပ်လုပ်ကိုင်နေသူတွေ ဖြစ်ပြီး ဆိုင်မှာအလုပ်လုပ်နေစဉ် ဆိုင်သူဌေးက ကြွေပန်းကန်နဲ့ ခေါင်းကိုရိုက်တာ၊ လက်သီးနဲ့ထိုးတာ၊ ခြေထောက်နဲ့ကန်တာအပြင် တံမြက်စည်းနဲ့လည်း ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ရိုက်နှက်နှိပ်စက်မှုတွေကြောင့် မျက်နှာ၊ မျက်စိနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေမှာ ညိုမည်းစွဲတဲ့အထိ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းရောက် ပအိုဝ်းအရေးလှုပ်ရှားသူတယောက်က “သူတို့က စားဝတ်နေရေး အခက်အခဲကြောင့် သူများနိုင်ငံကို အလုပ်လာလုပ်တဲ့ အလုပ်သမားတွေပါ။ ဒါပေမဲ့ လူလိုမဆက်ဆံဘဲ မကြာခဏ ရိုက်နှက် နှိပ်စက်တာတွေ ဖြစ်ခဲ့တာကို လုံးဝ လက်မခံနိုင်ပါဘူး။ အခုတော့ နှစ်ယောက်လုံးကို လွတ်မြောက်အောင် ကူညီနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
အလုပ်လုပ်နေစဉ်အတွင်း အဆိုပါ အမျိုးသမီးအလုပ်သမားတွေရဲ့ ဖုန်း၊ ပိုက်ဆံ၊ မြန်မာမှတ်ပုံတင်နဲ့ နေထိုင်ခွင့်လက်မှတ်တချို့ကိုလည်း ဆိုင်သူဌေးက သိမ်းယူထားခဲ့ပြီး ပြင်ပနဲ့ မဆက်သွယ်နိုင်အောင် ပြုလုပ်ထားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အလုပ်ထွက်ဖို့ ကြိုးစားပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေလည်း ပြုလုပ်ခဲ့ကြောင်း ထိုင်းရောက် ပအိုဝ်းအရေး လှုပ်ရှားသူတွေထံက သိရပါတယ်။
အဆိုပါ အမျိုးသမီးတွေထဲက ဟိုပုံးမြို့နယ်က အမျိုးသမီးတယောက်ဟာ ဒေသတွင်းမှာ PNO ပြည်သူ့စစ်အဖွဲ့ရဲ့ မြေသိမ်းယူမှုကြောင့် စားဝတ်နေရေး အခက်အခဲတွေ ကြုံခဲ့ရပြီး ထိုင်းနိုင်ငံကို လာရောက် အလုပ်လုပ်ကိုင်ရသူ ဖြစ်ပါတယ်။
ထိုင်းရောက် ပအိုဝ်းအရေးလှုပ်ရှားသူတယောက်က “သူတို့လို အလုပ်သမားတွေဟာ ကိုယ့်နိုင်ငံမှာ စားဝတ်နေရေး အခက်အခဲတွေကြောင့် အဝေးကို လာရောက် အလုပ်လုပ်ကြရတာပါ။ ဒီလိုလူတွေကို အကြမ်းဖက်နှိပ်စက်တာတွေ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဥပဒေအရ အရေးယူနိုင်ရေးကိုလည်း ဆက်ပြီး ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။
လက်ရှိမှာ အဆိုပါ အမျိုးသမီး ၂ ယောက်ကို ထိုင်းနိုင်ငံရှိ ပအိုဝ်းအရေးလှုပ်ရှားသူတွေက ကူညီထိန်းသိမ်းပေးထားပြီး ဆိုင်သူဌေးကို ဥပဒေအရ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေထံ တိုင်ကြားနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


