
အီရန်နဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အမေရိကန်က အနိုင်ရနေပြီဖြစ်ပေမဲ့ တိုက်ခိုက်မှုတွေကို ဆက်လုပ်သွားဦးမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၁ ရက်မှာ ပြောပါတယ်။
သမ္မတထရမ့်ပ်က “စောစောစီးစီး ပြန်မဆုတ်ချင်သေးပါဘူး၊ ဒီကိစ္စကို အပြီးသတ်ရပါမယ်” လို့ ကင်တပ်ကီပြည်နယ်က မဲဆွယ်ပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အမေရိကန်စစ်တပ်ဟာ အီရန်ရေတပ်သင်္ဘော ၅၈ စင်းကို ဖျက်ဆီးနိုင်ခဲ့ပြီး ထပ်မံပစ်မှတ်ထားစရာ သိပ်မကျန်တော့ဘူးလို့လည်း သူက ဆိုပါတယ်။
နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) က အရန်ရေနံစည် သန်း ၄၀၀ ထုတ်သုံးမဲ့ ဆုံးဖြတ်ချက်ဟာ ရေနံဈေးနှုန်းတွေကို သိသိသာသာ ကျဆင်းသွားစေမယ်လို့လည်း သမ္မတက မှတ်ချက်ပြုပါတယ်။
ဟော်မုဇ်ရေလက်ကြား အခြေအနေဟာ အလွန်ကောင်းမွန်နေပြီး အီရန်သင်္ဘောအားလုံးကို ရှင်းလင်းထားနိုင်ပြီလို့ ထရမ့်ပ်က အခိုင်အမာ ပြောပါတယ်။
ဒါပေမဲ့လည်း ပင်လယ်ကွေ့ရေပြင်မှာ ထိုင်း၊ ဂျပန်နဲ့ ဂရိသင်္ဘောတွေ အပါအဝင် သင်္ဘော ၆ စင်းလောက် ဆက်တိုက် တိုက်ခိုက်ခံခဲ့ရတယ်လို့ ရေကြောင်းလုံခြုံရေးအဖွဲ့တွေက ဆိုပါတယ်။
အမေရိကန်ဘက်က အနိုင်ရပြီလို့ ပြောဆိုထားပေမဲ့ အစ္စရေးစစ်တပ်မှာတော့ အီရန်ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်စခန်းတွေ အပါအဝင် ပစ်မှတ်ထားစရာ စာရင်းအများကြီး ကျန်နေသေးတယ်လို့ ဆိုပါတယ်။
စစ်ပွဲစတင်ပြီး ပထမ ၆ ရက်မှာတင် အမေရိကန်ရဲ့ စစ်စရိတ်ဟာ ဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံကျော် သုံးစွဲခဲ့ရတယ်လို့ ပင်တဂွန်စစ်ဌာနချုပ် အရာရှိတွေက အမေရိကန်လွှတ်တော်ကို တင်ပြထားပါတယ်။
Source: Reuters


