
အီရန်စစ်ပွဲကြောင့် ကြုံတွေ့နေရတဲ့ စွမ်းအင်အကျပ်အတည်း ပြေလျော့အောင်လို့ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က သမိုင်းတလျှောက် အများဆုံး အရန်ရေနံ ထုတ်သုံးမှုအဖြစ် ရေနံစည် သန်း ၄၀၀ ထုတ်သုံးဖို့ အဖွဲ့ဝင် ၃၂ နိုင်ငံစလုံး ကန့်ကွက်သူမရှိ သဘောတူလိုက်ပါတယ်။
IEA အနေနဲ့ အခုလို အရန်ရေနံ စုပေါင်းထုတ်သုံးတာဟာ ၆ ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။ အရင်က အများဆုံးထုတ်သုံးခဲ့တဲ့ ပမာဏကတော့ ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်း စစ်ပွဲတုန်းက ရေနံစည် ၁၈၂ ဒသမ ၇ သန်း ဖြစ်ပါတယ်။
အမေရိကန်-အစ္စရေးနဲ့ အီရန်စစ်ပွဲကြောင့် ရေနံဈေးတွေ အဆမတန် မြင့်တက်လာတာကို လျှော့ချဖို့အတွက် အမေရိကန်ကလည်း မဟာဗျူဟာမြောက် အရန်ရေနံစည် ၁၇၂ သန်း ထုတ်သုံးသွားမယ်လို့ အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ်ရိုက်တ်က မတ် ၁၁ ရက်မှာ ပြောပါတယ်။
ဒီလိုထုတ်သုံးတာဟာ IEA ရဲ့ စုပေါင်းထုတ်သုံးမဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ရိုက်တ်က ဆိုပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းကတော့ ကမ္ဘာလုံးဆိုင်ရာ ရေနံထုတ်လုပ်မှု တိုးမြှင့်ရေးဟာ ရှေ့ဆက်ရမဲ့ ဦးစားပေးလုပ်ငန်းဖြစ်တယ်လို့ G7 အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ အီရန်က ရေနံတင်သင်္ဘောတွေကို တိုက်ခိုက်နေပြီး အမေရိကန်စစ်တပ်က အီရန်မိုင်းချသင်္ဘော ၁၆ စီးကို ဖျက်ဆီးခဲ့ပါတယ်။
လက်ရှိမှာတော့ ရေနံတင်ပို့မှုဟာ စစ်မဖြစ်ခင်က ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းအောက်အထိ ကျဆင်းနေတယ်လို့ IEA က ထုတ်ပြန်ထားပါတယ်။
Source: Reuters


