
အရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှုတွေကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းဟာ ဆက်တိုက်လှုပ်ခတ်နေပြီး ဒီနေ့ မတ်လ ၁၁ ရက်မှာ ရွှေတအောင်စကို အမေရိကန်ဒေါ်လာ ၅,၂၀၀ ဝန်းကျင်အထိ ပြန်လည် မြင့်တက်လာပါတယ်။
ကမ္ဘာ့ရွှေဈေးနဲ့အတူ စျေးနှုန်းလိုက်တက်လေ့ရှိတဲ့ မြန်မာ့ရွှေစျေးဟာလည်း ဒီနေ့မှာ ဆိုရင် အခေါက်ရွှေ တကျပ်သားကို ကျပ် သိန်း ၁၁၀ နားအထိ ပြန်လည်ရောက်ရှိလာပါတယ်။
မတ် ၉ ရက်က မြန်မာ့အခေါက်ရွှေ တကျပ်သားကို ကျပ် ၁၀,၈၅၀,၀၀၀ ဝန်းကျင်သာ ရှိခဲ့ရာကနေ ၂ ရက်အတွင်းမှာတင် ကျပ် ၁ သိန်းကျော် ပြန်လည်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းဟာ မတ် ၉ ရက်က တအောင်စကို အမေရိကန်ဒေါ်လာ ၅,၁၀၀ အောက်မှာ ရှိခဲ့ပေမဲ့ မတ် ၁၀ ရက်မှာတော့ ၅,၂၃၀ အထက်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ ၅,၂၀၀ အောက်ကို အနည်းငယ် ပြန်လည်ဈေးဆင်းနေတာကို တွေ့ရ ပါတယ်။
အခုလို နိုင်ငံတကာရွှေဈေးနှုန်းတွေ မြင့်တက်နေရတာဟာ အရှေ့အလယ်ပိုင်းစစ်ရေး အရှိန်မြှင့် လာနိုင်တဲ့ စိုးရိမ်မှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ ဘေးကင်းရာအဖြစ် ယူဆရတဲ့ ရွှေဆီကို ပြောင်းလဲမြှုပ်နှံလာကြတာကြောင့်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။


