
ဒီနေ့ နိုဝင်ဘာ ၁၃ရက်မှာ ကမ္ဘာ့ရွှေဈေးက အမေရိကန်ဒေါ်လာ ၄,၂၃၀ အထက်အထိ ထိုးတက်ခဲ့ပြီး ပြည်တွင်း ရွှေဈေးလည်း ကျပ် ၈၈ သိန်းအထက်ကို ဆက်လက်မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရှိရပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ နိုဝင်ဘာ ၇ ရက်မှာ တအောင်စကို ဒေါ်လာ ၄,၀၀၀ ဝန်းကျင်ရှိခဲ့ပေမဲ့ နိုဝင်ဘာ ၁၃ ရက်မှာ အမေရိကန်ဒေါ်လာ ၄,၂၃၈ ဒေါ်လာအထိ အတက်ရှိခဲ့ပါတယ်။ တပတ်အတွင်း ကမ္ဘာ့ရွှေဈေးဟာ ၅ ရာခိုင် နှုန်းကျော် မြင့်တက်လာတာပါ။
ကမ္ဘာ့ရွှေဈေး တဖြည်းဖြည်း တက်လာတာနဲ့အတူ ပြည်တွင်းရွှေဈေးလည်း နိုဝင်ဘာလဆန်းပိုင်းကစပြီး ပြန်မြင့်တက်လာပါတယ်။
ပြည်တွင်းဈေးကွက်မှာ နိုဝင်ဘာ ၇ ရက်က ရွှေတကျပ်သားကို ၈၅ သိန်း ၃ သောင်းဝန်းကျင် ရှိခဲ့ရာကနေ နိုဝင်ဘာ ၁၃ ရက်မှာ ၈၈ သိန်း ၅သောင်း ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး တပတ်အတွင်း ကျပ် ၃ သိန်းကျော် ဈေးမြင့်လာပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းတွေအတွက် အမေရိကန် ဒေါ်လာ ၂၇ သန်းကို နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ရောင်းပေးခဲ့ပေမဲ့ ပြင်ပငွေကြေးဈေးကွက်မှာ ကန်ဒေါ်လာငွေလဲနှုန်းကတော့ တဒေါ်လာကို ၄၀၈၀ ဒေါ်လာအထိ ပြန်မြင့်တက်နေပါတယ်။
လတ်တလောမှာ ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေးပါ အတက်များနေပေမဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားတဲ့ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကတော့ တကျပ်သားကို ကျပ် ၅,၉၈၀,၀၀၀ မှာပဲ ဈေးငြိမ်နေပါတယ်။


