
ကမ္ဘာ့ရွှေဈေးအတက်နဲ့အတူ မြန်မာပြည်တွင်းရွှေဈေးလည်း ပြီးခဲ့တဲ့ ၂ ရက်အတွင်း ကျပ် ၂ သိန်းကျော် မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ နိုဝင်ဘာ ၇ ရက်မှာ တအောင်စကို ဒေါ်လာ ၄,၀၀၀ ဝန်းကျင်ရှိခဲ့ပေမဲ့ နိုဝင်ဘာ ၁၁ ရက်မှာ အမေရိကန်ဒေါ်လာ ၄,၁၄၈ ဒေါ်လာအထိ အတက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ညပိုင်းမှာတော့ ဒေါ်လာ ၄,၁၀၀ ဝန်းကျင်ကို ပြန်ကျရိပ်ပြခဲ့ပါတယ်။
ကမ္ဘာ့ရွှေဈေးတက်လာရတဲ့ အကြောင်းအရင်းကို ဈေးကွက် ကျွမ်းကျင်သူတွေက “ကမ္ဘာ့ဗဟိုဘဏ်တွေက ရွှေဝယ်ယူစုဆောင်းနေမှု၊ အမေရိကန် ဒေါ်လာ အားပျော့လာမှု စတဲ့ အချက်တွေကြောင့် ဖြစ်တယ်"လို့ သုံးသပ်ကြပါတယ်။
ပြည်တွင်းဈေးကွက်မှာလည်း နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ ရွှေတကျပ်သားကို ၈၅ သိန်း ၃ သောင်းဝန်းကျင် ရှိခဲ့ရာက နိုဝင်ဘာ ၁၁ရက် ညနေပိုင်းမှာ ၈၇ သိန်းခွဲအထိ မြင့်တက်ခဲ့ပါတယ်။
ပြင်ပ ငွေကြေးဈေးကွက်မှာ အမေရိကန် ဒေါ်လာငွေလဲနှုန်းကလည်း တဒေါ်လာကို ၄၀၄၅ ကျပ်ကနေ ၄၀၇၅ ကို မြင့်တက်လာတာကြောင့် ပြည်တွင်းရွှေဈေးတက်မှုအပေါ် ထပ်မံသက်ရောက်စေခဲ့ပါတယ်။
ဒါပေမဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားတဲ့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးကတော့ နိုဝင်ဘာ ၁၁ ရက်မှာ တကျပ်သားကို ကျပ် ၅,၉၈၀,၀၀၀ ဖြစ်ပြီး ကျပ် ၁၀,၀၀၀ ဝန်းကျင်သာ အတက်ရှိခဲ့ပါတယ်။


