
နိုဝင်ဘာ ၆ ရက်မှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို အမေရိကန်ဒေါ်လာ ၄,၀၀၀ အထက်ကို ပြန်တက်လာသလို ပြည်တွင်းရွှေဈေးနှုန်းလည်း ပြန်တက်လာပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်က တအောင်စကို ဒေါ်လာ ၃,၉၀၀ အောက်အထိ ကျခဲ့ပေမဲ့ နိုဝင်ဘာ ၆ ရက်နေ့မှာ ဒေါ်လာ ၄,၀၀၀ အထက်ကို ပြန်ရောက်ရှိလာတာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၆ ရက်နေ့မှာ ၄,၀၁၉ ဒေါ်လာအထိ အမြင့်ဆုံး တက်ခဲ့ပေမဲ့ ညနေပိုင်းမှာတော့ အနည်းငယ် ပြန်ကျသွားပြီး ဒေါ်လာ ၄,၀၁၀ ဝန်းကျင်မှာ အတက်အကျ ဖြစ်နေပါတယ်။
ဈေးကွက်လေ့လာသူတွေရဲ့ အဆိုအရ ရွှေဈေးတက်လာတာဟာ ကမ္ဘာ့စီးပွားရေး မသေချာမှုတွေနဲ့ အမေရိကန်ဒေါ်လာ အားပျော့လာတာတို့ကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။
ကမ္ဘာ့ဈေး အပြောင်းအလဲနဲ့အတူ ပြည်တွင်းရွှေဈေးကလည်း လိုက်ပါမြင့်တက်လာပြီး နိုဝင်ဘာ ၆ ရက် မနက်ပိုင်းမှာ တကျပ်သားကို ၈၄ သိန်း ၄ သောင်းဝန်းကျင် ရှိရာကနေ ညနေပိုင်းမှာတော့ ၈၅ သိန်းအထိ တက်လာခဲ့ပါတယ်။
ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ အမြင့်ဆုံးဈေး ကျပ် ၈၉ သိန်း ဝန်းကျင်အထိ ရောက်ခဲ့ပါတယ်။
အောက်တိုဘာ ၂၈ ရက်မှာတော့ ကျပ် ၈၂ သိန်း ၃ သောင်းအထိ ပြန်ကျခဲ့ပြီး လက်ရှိမှာတော့ တဖြည်းဖြည်း ပြန်တက်လာတာ ဖြစ်ပါတယ်။
တဖက်မှာတော့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားတဲ့ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးဟာ တကျပ်သားကို ၅,၉၇၀,၀၀၀ ကျပ်ဖြစ်ပြီး နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေပါတယ်။
စစ်ကောင်စီဟာ ပြည်တွင်းရွှေဈေးကို ထိန်းချုပ်ဖို့ ဆက်လက်ကြိုးစားနေဆဲဖြစ်ပြီး ရွှေဆိုင်တွေအနေနဲ့ ဝန်ကြီးဌာနက ထုတ်ပေးထားတဲ့ ဘောက်ချာနဲ့ ရွှေအရောင်းအဝယ် လုပ်ရတာ့မှာ ဖြစ်ပါတယ်။


