
ကမ္ဘာ့ရွှေဈေးဟာ လတ်တလောမှာ တောက်လျှောက် အကျရှိလာပြီး ဒီနေ့ အောက်တိုဘာ ၂၈ ရက်နေ့အထိ တအောင်စကို အမေရိကန်ဒေါ်လာ ၃,၉၀၀ အောက်အထိ ကျဆင်းခဲ့ပါတယ်။
အောက်တိုဘာ ၂၁ ရက်က ပြည်တွင်း ရွှေတကျပ်သားဈေးနှုန်းဟာ ကျပ် ၈၈ သိန်း ၇ သောင်းဝန်းကျင်အထိ ရှိခဲ့ပေမဲ့ ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာတော့ ကျပ် ၈၂ သိန်း ၃ သောင်းဝန်းကျင်အထိ ပြန်ကျဆင်းလာခဲ့ပါတယ်။
တပတ်အတွင်းမှာပဲ ကမ္ဘာ့ရွှေဈေးဟာ ဒေါ်လာ ၄၀၀ ကျော်အထိ အကျရှိသလို၊ ပြည်တွင်း ရွှေဈေးကလည်း ကျပ် ၆ သိန်းကျော်အထိ ထိုးကျလာတာပါ။
ဈေးကွက်လေ့လာသူတွေကတော့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးတင်းမာမှုတွေ လျော့နည်းလာမဲ့ အလားအလာတွေကြောင့် ရွှေဝယ်လိုအား လျော့လာပြီး ကမ္ဘာ့ရွှေဈေး ကျဆင်းလာတာလို့ သုံးသပ်ကြပါတယ်။
ဒါပေမဲ့ ဒီကနေ့ ညနေပိုင်းအချိန်မှာတော့ ကမ္ဘာ့ရွှေဈေး ပြန်တက်လာပြီး တအောင်စကို ဒေါ်လာ ၃,၉၁၂ အထိ ရှိလာတာ တွေ့ရပါတယ်။
လတ်တလောမှာ ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေးပါ အတက်အကျများနေပေမဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားတဲ့ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကတော့ တကျပ်သားကို ကျပ် ၅,၉၈၀,၀၀၀ ဖြစ်ပြီး သီတင်းပတ်တပတ်အတွင်းမှာ ကျပ် ၁ သောင်းဝန်းကျင်သာ အကျရှိခဲ့ပါတယ်။




