Home
မြန်မာသတင်း
မြိတ်မြို့တွင် ကုန်စိမ်းဈေး အဆမတန်မြင့်တက်၊ ဂေါ်ဖီ ၁ ထုပ် ကျပ် ၂၀,၀၀၀ ဝန်းကျင်ပေးရ
DVB
·
September 9, 2025

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဂေါ်ဖီထုပ်နဲ့ ငရုတ်သီး စတဲ့ ကုန်စိမ်းဈေးတွေ အဆမတန် မြင့်တက်နေပြီး ဂေါ်ဖီ တထုပ်ကို ကျပ် ၂၀,၀၀၀ ဝန်းကျင်အထိ ပေးဝယ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်-မြိတ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ သြဂုတ်လ၊ လကုန်ပတ်အတွင်း စစ်ရေးတင်းမာနေပြီး ကုန်ကားတွေပိတ်မိတာ ၁၀ ရက်ကျော်လောက် ရှိနေပြီလို့ ဒေသတွင်း အရင်းအမြစ်တွေဆီက သိရပါတယ်။

လက်ရှိမှာတော့ ငရုတ်သီးစိမ်း ၆ တောင့် ကျပ် ၅၀၀ ပေးနေရပြီး ဂေါ်ဖီထုပ်တထုပ်ကို ကျပ် ၂၀,၀၀၀ ဝန်းကျင်ခန့် ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “အရင်က ဂေါ်ဖီထုပ် တပိဿာကို ၄,၀၀၀ ပဲ ပေးရတယ်။ အခုက ကြေးပြား(ပိုက်ဆံ)ရှိရင်တောင် ဝယ်လို့မရဘူး။ ကြက်ဥတွေလည်း ဈေးတက်တယ်။ လအစမှာ ကြက်ဥတလုံး ကျပ် ၁,၂၀၀ ဖြစ်တုန်းက ကတ်ကြေးကတ်ဆိုင်မှာ တပွဲ ၂,၀၀၀ တန်တောင် ကြက်ဥမထည့်ပေးတော့ဘူး” လို့ ပြောပါတယ်။

အခုလိုမျိုး ကုန်စိမ်းဈေးတွေ မြင့်တက်နေတာကြောင့် အသုပ်ဆိုင်တချို့ မဖွင့်နိုင်ဘဲ ပိတ်ထားရပြီး တချို့ဆိုင်တွေကလည်း မရှိ ရှိတာ ရောင်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသုပ်ဆိုင်လုပ်ကိုင်နေသူတယောက်က “လက်ဖက်သုပ်တွေမှာ ဂေါ်ဖီထုပ်မပါရင် တပွဲ ၁,၅၀၀ ရောင်းတယ်။ ပါရင်တော့ ၂,၀၀၀ ရောင်းတယ်။ ဒါတောင် နည်းနည်းပဲထည့်နိုင်တယ်။ တချို့ဆိုင်တွေကျတော့ ရောင်းမကိုက်လို့ ပိတ်ထားတဲ့ဆိုင်တွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကနေ သြဂုတ် ၁၁ ရက်အထိ ပလမြို့ အနီးနားဝန်းကျင် တိုက်ပွဲတွေကြောင့် မြိတ် ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ ကုန်တင်ကားတွေ ၁၀ ရက်ကျော်ကြာ ပိတ်မိပြီး ကုန်ပစ္စည်းခိုးခံရတဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ဖူးတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013