
ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်ကို ရုရှား ဘက်က လက်မခံလာခဲ့ရင် အမေရိကန်အနေနဲ့ ရုရှားရေနံကဏ္ဍကို ပိတ်ဆို့မှုအသစ်တွေ ထပ်မံလုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒီဇင်ဘာ ၁၈ ရက်မှာ ကမ္ဘာ့ရေနံဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။
မော်စကိုက ငြိမ်းချမ်းရေးသဘောတူညီချက်ကို သဘောမတူဘူးဆိုရင် ရုရှားရဲ့ တရားမဝင် ရေနံတင်သင်္ဘောအုပ်စုဖြစ်တဲ့ “shadow fleet” အပါအဝင် စွမ်းအင်ကဏ္ဍအပေါ် နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်နိုင်ရေးကို အမေရိကန် ဘက်က ပြင်ဆင်နေတယ်လို့ Bloomberg သတင်းဌာနက ဒီဇင်ဘာ ၁၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဒီလို ရုရှားအပေါ် အရေးယူနိုင်ခြေရှိလာတဲ့ သတင်းတွေဟာ ဗင်နီဇွဲလား ရေနံတင်သင်္ဘောတွေကို ပိတ်ဆို့မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့် က ဒီဇင်ဘာ ၁၆ ရက်မှာ ကြေညာခဲ့ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
လေ့လာသုံးသပ်သူတွေရဲ့ အမြင်အရ ရုရှားရေနံကို ပစ်မှတ်ထားတဲ့ အရေးယူဆောင်ရွက်မှုတွေက ဗင်နီဇွဲလားပိတ်ဆို့မှုထက် စွမ်းအင်ဈေးကွက်ကို ပိုမို ထိခိုက်စေနိုင်တယ်လို့ ING က သုံးသပ်ထားပါတယ်။
ဗင်နီဇွဲလားကို ပိတ်ဆို့လိုက်ရင် တစ်ရက်ကို ရေနံစည်ပေါင်း ၆ သိန်းခန့် တင်ပို့မှု ထိခိုက်နိုင်တဲ့ အန္တရာယ်ရှိနေပေမယ့် Chevron ကုမ္ပဏီမှတစ်ဆင့် အမေရိကန်သို့ တင်ပို့နေတဲ့ ရေနံတွေကတော့ ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဗင်နီဇွဲလား ရေနံစိမ်းဟာ ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ၁ ရာခိုင်နှုန်းလောက်သာ ပါဝင်နေပြီး အများစုကိုတော့ တရုတ်နိုင်ငံ သို့ တင်ပို့နေတာဖြစ်ပါတယ်။
Source:Reuters


