
၂၀၂၅ ဖေဖော်ဝါရီမှာ တော်လှန်ရေး ညောင်းညာကိုက်ခဲဝေဒနာတွေနဲ့ မိတ်ဖက်ချင်းကြား အသွားထက်လှတဲ့ လက်ညှိုးငေါက်ငေါက် တိုက်စစ်ဆင်မှုတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရပေမဲ့ CDM အဖွဲ့အစည်းတွေရဲ့ တည်ကြည်လေးနက်တဲ့ တော်လှန်ရေးဗဟိုပြု ခြေလှမ်းတွေကိုတော့ မှင်တက် ဦးညွှတ်လိုက်ရတယ်။
NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်း တိုင်ကြားခံရမှု၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးနေတယ် ဆိုပေမဲ့ ၃ လလောက်ကြာတဲ့အထိ စာမလာ သတင်းမကြား NUG အတိတ်မေ့နေသလားလို့တောင် ထင်ရပြီး စိတ်ပျက်လက်ပျက် ဖြစ်နေချိန်၊ ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြီးစလွယ် အတိုချုံးထားတဲ့ ဖြေရှင်းချက်ကြောင့် ဟုန်းခနဲ တောက်လောင်မှုက တောမီးပမာ ကူးစက်မြန်ခဲ့တယ်။
ရှိလို့ရှိမှန်းတောင်မသိဘဲ ကိုယ့်အလုပ်နဲ့ကိုယ် ခြေသံလုံ ပီပြင်နေတဲ့ CDM အဖွဲ့တချို့က မြန်မြန်ဆန်ဆန်ပဲ သူတို့ရဲ့ရပ်တည်ချက်အသံကို ထုတ်ဖော်လိုက်တယ်။ ဖေဖော်ဝါရီ ၁၈ ရက်၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ဟာ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့တယ်လို့ CDM အဖွဲ့တွေက ခံယူတယ်။ ဒါ့ကြောင့် ကျေလည်မှုမရမချင်း သူတို့ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းထားမယ်လို့လည်း ဆိုတယ်။ အဲဒီလို ထုတ်ပြန်ခဲ့တဲ့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့ဆိုရင် NUG ပညာရေးဝန်ကြီးဌာန လက်အောက်ခံ။ တယ်လီကျန်းမာ ဆိုရင်လည်း NUG ကျန်းမာရေးဝန်ကြီးဌာနအောက်က CDM ကျန်းမာရေးဝန်ထမ်းတွေ။
ပြောရရင် NUG အစိုးရလက်အောက်ခံအဖွဲ့တွေ ဖြစ်နေတာတောင် CDM တွေက CDM တွေရဲ့ သွေးကို ထုတ်ဖော်ပြသခဲ့ကြတယ်။ CDM သွေး ဆိုတာက မတရားမှုတွေကို တွန်းလှန် ဆန့်ကျင်မယ် ဆိုတဲ့စိတ်ဓာတ်။ အဲဒီလို စိတ်ဓာတ်ခွန်အားက သိပ်ကြီးမားခဲ့လေတော့ ကိုယ့်ထမင်းအိုးကိုယ် ပြတ်ပြတ်သားသား ရိုက်ခွဲခဲ့ကြတာမှ ဘဝမှာ နောက်ထပ်ဆုံးရှုံးစရာ အသက်နဲ့ခန္ဓာသာ ကျန်တော့တယ်လို့ ပြောရမဲ့အထိ။
အခုလည်း ကိုယ်ယုံကြည်စွာ မြေတောင်မြှောက်ခဲ့တဲ့ အစိုးရက ပွင့်လင်းမြင်သာစွာ ဖြေရှင်းမှု မရှိဘူးလို့ ယုံကြည်တာကြောင့် ကိုယ့်အစိုးရကိုယ် ထပ်မံသပိတ်မှောက် CDM တိုက်ပွဲ စတင်ခဲ့ကြခြင်း ဖြစ်တယ်။ NUG အစိုးရအတွက်လည်း အရှက်ရစရာ ဖြစ်ခဲ့ရတယ်။ CDM တွေရဲ့ မြန်ဆန်ရဲရင့်တဲ့ CDM ခြေလှမ်းတွေကြောင့်ပဲ ဖေဖော်ဝါရီ ၂၁ ရက်မှာ ဒေါ်ကြည်ပြာ ပြဿနာ သတင်းစာရှင်းလင်းပွဲ လုပ်ပါ့မယ်လို့ NUG အစိုးရက သုတ်သုတ်နှင်ရတော့တယ်။
NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြည်သူတွေနဲ့ CDM တွေကို အလေးထားလို့ သတင်းစာရှင်းလင်းပွဲကို အမြန်ဆုံး စီစဉ်ရခြင်းဖြစ်တယ်လို့ ပြောကြားခဲ့တယ်။ CDM ဆိုတာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦး၊ CDM တွေမရှိရင် NUG ဝန်ကြီးဌာနတွေ လည်ပတ်ဖို့ မဖြစ်နိုင်သလို NUG အစိုးရယန္တရားလည်း ရပ်သွားလိမ့်မယ်လို့ ဆိုတယ်။ ပြီးတော့ တော်လှန်ရေးမှာ NUG ပြိုလဲလို့မရသလို CDM တွေလည်း ပြိုလဲလို့မရဘူးလို့ NUG အစိုးရနဲ့ CDM တလမ်းတည်းသော အနာဂတ် ဖြစ်ကြောင်းလည်း ဒေါက်တာဇော်ဝေစိုးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်။
သတင်းစာရှင်းလင်းပွဲကို တော်လှန်ပြည်သူများစွာလည်း စောင့်ကြည့်ခဲ့ကြတယ်။ သတင်းစာရှင်းလင်းပွဲက ရာနှုန်းပြည့် စိတ်ကျေနပ်မှုရအောင် မဖြေကြားနိုင်ခဲ့ပေမဲ့ အတိုင်းအတာတခုထိ ကျေနပ်မှုရရှိတယ်လို့ အပြောအဆိုတွေရှိတယ်။
ထုံးစံအတိုင်း ဖေဖော်ဝါရီ ၁၈ ရက်၊ အဆင်မပြေတဲ့ ကြေညာချက် ထွက်ပေါ်လာကတည်းက တော်လှန်ပြည်သူ အယောင်ဆောင်ကာ သွေးထိုးလှုံ့ဆော်နေတဲ့ ၆,၈၀၀ စားတွေက သတင်းစာရှင်းပွဲ အပြီးမှာ ခါးတောင်းပြောင်ပြောင်ကျိုက်ကာ အကြီးအကျယ် သပ်လျှိုတော့တယ်။
တော်လှန်ရေးအင်အားစုထဲက NUG အစိုးရကို လက်မခံသူတွေကလည်း အပြင်းအထန် တိုက်ခိုက်ကြတာ တွေ့ရတယ်။ တချို့ဆို ရန်သူထက်တောင် ရန်သူပိုဆန်စွာနဲ့ တယောက်အမြီး တယောက် နင်းထားကြတာကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့က မကြည်ပြာအမှုကို မဖော်ရဲတာလို့ ရက်ရက်စက်စက် ပြောထွက်ခဲ့တယ်။ သူတို့ရဲ့ဆိုလိုမှုက NUG အစိုးရတရပ်လုံး အဂတိလိုက်စားမှု ကျူးလွန်နေတာကြောင့် သူ့ကိုဖော်ရင် ကိုယ်ပါ ပေါ်နိုင်တာမို့ မဖော်ထုတ်ရဲတဲ့သဘော။
တချို့ကတော့ မကြည်ပြာ ကျိန်းသေပေါက် အဂတိမှု ကျူးလွန်တယ်လို့ ကိုယ့်ဘာသာ အချက်အလက်မဲ့ အဖြေထုတ်ထားပြီးသားမို့ စုံခုံအဖွဲ့ ကိုယ့်လူကိုယ်ပင်းတာလို့ ဖေ့စ်ဘွတ်ခ်ပေါ် အော်ဟစ်တယ်။ တချို့ကျပြန်တော့ ဆရာကြီးဒေါက်တာဇော်ဝေစိုးရဲ့စကား အဝတ်တထည် ဝယ်ဖို့တောင် မနည်းစဉ်းစားနေရတယ် ဆိုတာကို လှောင်ပြောင် သရော်ကြတယ်။
DVB သတင်းဌာနမှာ “မကြည်ပြာသင်ခန်းစာ” ခေါင်းစဉ်နဲ့ ကျနော် ဆောင်းပါးရေးဖြစ်တယ်။ သတင်းစာရှင်းပွဲမှာ ဖြေမသွားတာတွေကို ရေးတယ်။ မကြည်ပြာရဲ့ တော်လှန်ရေးကာလ နိုင်ငံရေးသမား မပီသတဲ့ အနေအထိုင် အပြောအဆို မတတ်မှုတွေကို ထောက်ပြတယ်။ စုံခုံအဖွဲ့ရဲ့ တွေ့ရှိချက်တွေကို လေးစားဖို့နဲ့ ဒီပြဿနာဟာ NUG အစိုးရရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ဖြစ်ပေါ်လာရပေမဲ့ NUG အစိုးရ တစုံလုံးမှာ ဖြစ်နေတာ မဟုတ်ဘူးလို့လည်း ရေးခဲ့တယ်။
ကိုယ့်ဆောင်းပါး DVB မှာ ဖော်ပြထားတာ ကိုယ်တိုင် မသိသေးခင်မှာပဲ နိုင်ငံရေးမိတ်ဆွေတဦးက မက်ဆင်ဂျာကနေ လှမ်းဆဲရေးတာ ခံရတော့တယ်။ ကျနော့်မိတ်ဆွေဆိုတာ အရင့်အရင်ကာလတွေတုန်းက သူ့ တနိုင်တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ဒေါင်ဒေါင်မြည်ခဲ့ပေမဲ့ တော်လှန်ရေးကာလ ၄ နှစ်ကျော်လာတော့ ခြေကုန်လက်ပန်းကျ၊ ပြီးတော့ တော်လှန်ရေး ညောင်းညာကိုက်ခဲ ဝေဒနာလည်း ခံစားလာရတာမို့ မိတ်ဖက်ချင်းကြား ရန်လိုမှုတွေနဲ့ နိုင်ငံရေးအာသာဖြေနေတဲ့သူ။
“ဒီအချိန်မှာ ကြည်ပြာကို ကာကွယ်ပေးနေတဲ့ NUG ကိုပါ ရှင်းပစ်ရတော့မှာ။ ခင်ဗျားကတော့ NUG လူပဲ” လို့ဆိုကာ ပြင်းထန်တဲ့ တိုင်းထွာမှုတွေပါ ပြောလာတယ်။
“NUG ကို ဘာလို့ရှင်းပစ်ရမှာလဲ” လို့ မေးကြည့်တော့ ကျိုးကြောင်းခိုင်လုံစွာ မပြောနိုင်။
“NUG နေရာမှာ ဘယ်သူတွေနဲ့ အစားထိုးချင်တာလဲ” လို့ ဆက်မေးတော့လည်း “NUG လုပ်တတ်တဲ့ နိုင်ငံရေးလောက်တော့ လူတိုင်းလုပ်တတ်တယ်” တဲ့။ အဲဒီလို ထင်ရာမြင်ရာတွေသာ ပြောနေတာမို့ သူ့စိတ်ဖိအား လျော့လိုလျော့ငြား ပြောဆိုသမျှသာ နားထောင်နေလိုက်တော့တယ်။
တချို့တွေကလည်း ပြင်းထန်တဲ့ ပေါက်ကွဲဆတွေနဲ့ တဖက်ဖက်ကနေ ခြေစုံရပ်ကာ ကိုယ်ရပ်တဲ့ဘက်ကို ကာကွယ်၊ တခြားတဖက်ကို လက်ညှိုးငေါက်ငေါက်၊ တော်လှန်ရေးရည်မှန်းချက်တွေ ပျောက်နေပြီလားလို့ မေးခွန်းထုတ်ရမဲ့အထိ တော်လှန်ရေး အညောင်းမိခြင်းပြဿနာက ကြီးကြီးမားမား။
အဲဒီလို ပင့်ကူမျှင်ကွန်ရက်ပေါ်မှာ ဝုန်းဒိုင်းကြဲနေကြတဲ့အချိန်၊ CDM အဖွဲ့တွေရဲ့ သပိတ်လှန်ကြောင်း ထုတ်ပြန်ချက်တွေ တစောင်ပြီးတစောင် ထွက်ပေါ်လာတယ်။ သတင်းစာရှင်းလင်းပွဲ လုပ်လိုက်ရုံနဲ့ ကျေနပ်သွားကြတာမျိုး မဟုတ်။ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်မယ် ဆိုတဲ့အချက်ကို စောင့်ကြည့်သွားမယ် ဆိုတဲ့ စည်းကမ်းချက်နဲ့ သပိတ်ပြန်လှန်ခြင်း။
CDM အဖွဲ့တွေက NUG အစိုးရကိုလည်း မှားတယ်လို့မြင်ရင် ပြတ်ပြတ်သားသား သပိတ်မှောက်ရဲခဲ့သလို လမ်းကြောင်းတခု ပြန်လည်ရောက်ရှိလာချိန်မှာလည်း CDM တွေရဲ့ သဘောထားဟာ တော်လှန်ရေးအကျိုးစီးပွားကလွဲလို့ တခြား ဘာမှမရှိကြောင်း အကောင်းဆုံး သက်သေပြခဲ့ကြတယ်။
တကယ်တော့ CDM ဆိုတာ ပရော်ဖယ်ရှင်နယ် နိုင်ငံရေးသမားတွေမဟုတ်ကြပါဘူး။ သူတို့ရဲ့ နိုင်ငံရေးအမြင်က ရိုးရှင်းတယ်။ ရိုးရှင်းခြင်းအလှနဲ့ပဲ သူတို့ရဲ့ရပ်တည်ချက်ကို ပုံဖော်ခဲ့တယ်။ သူတို့ရဲ့ သဘောထားဟာ တော်လှန်ရေးဗဟိုပြုမှုကနေ သွေဖည်မသွားတာ တွေ့ရတယ်။
CDM တွေရဲ့ သပိတ်မှောက်၊ သပိတ်လှန် ရိုးရှင်းစွာ ပြုမူရပ်တည်ခဲ့မှုအပေါ် တော်လှန်ပြည်သူတွေ လက်ခုပ်တီး ကြိုဆိုကြတာ သေချာတယ်။


