
စစ်ကောင်စီက မတ် ၂ ရက်မှာ နိုင်ငံရေးအကျဉ်းသား ၇,၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး လိုက်တယ်လို့ ကြေညာထားပေမဲ့ ၄ ရက်မြောက် ကြာလာတဲ့ မတ် ၅ ရက်အထိ နိုင်ငံရေးအ ကျဉ်းသား ၄,၀၀၀ ကျော်ထိသာ စာရင်းရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) ကနေ သိရပါတယ်။
မတ် ၂ ရက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) တို့နဲ့ အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၇,၃၃၇ ယောက် လွတ်ငြိမ်းသာပေးခဲ့ရာမှာ နိုင်ငံတဝန်းအကျဉ်းထောင် ၃၉ ခုက နိုင်ကျဉ်း ၄,၄၀၃ ယောက်သာ လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မတ် ၄ ရက် ညမှာ ထုတ်ပြန်ပါတယ်။
မတ် ၅ ရက်အထိ ရရှိထားတဲ့စာရင်းတွေက အပြောင်းအလဲမရှိသေးဘဲ လွတ်ငြိမ်းထဲပါတဲ့ စာရင်း ၇,၀၀၀ ကျော်ရဲ့ ထက်ဝက်နီးပါးက အကျဉ်းထောင်တွေထဲ ဆက်လက်ရှိနေသေးကြောင်း PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက DVB ကို အတည်ပြုပြောပါတယ်။
“အခု ဒိုက်ဦးအကျဉ်းထောင်မှာဆိုရင် လွတ်လူစာရင်းကို ကျနော်တို့သိရတာတော့ ၂၀၀ ကျော် တယ်ပေါ့၊ တကယ့်လက်တွေ့မှာ လွတ်လာတဲ့လူအရေအတွက်က ၅၀ ဝန်းကျင်ပဲရှိတာ ကျနော်တို့ သိရတယ်။ အဲဒါတွေကို ဘယ်လိုလုပ်မလဲဆိုတာ ကျနော်တို့ စောင့်ကြည့်နေသလို စစ်တပ်ဟာ ၇,၀၀၀ ကျော် လွှတ်မယ်လို့ ပြောထားသော်လည်း တကယ့်လက်တွေ့မှာ လွတ်လာခြင်းမရှိတာ ဒါဟာ သိသာထင်ရှားတဲ့ ကိစ္စ ဖြစ်တယ်ပေါ့။ တချို့ ၅၂ (က)၊ ၅၀ (ည) နဲ့ အမှု ရင်ဆိုင်ဆဲသမား တွေကို ဒီရက်ပိုင်းတွေ မနေ့ကလိုပေါ့ တရားရုံးမှာ တရားသူကြီးက လွှတ်ပေးတာမျိုးတွေ တွေ့ရတယ်ပေါ့။ ဒါ့ကြောင့်မို့ ကျနော်တို့ကတော့ စစ်တပ်က နားလည် ပါးရိုက်ပုံစံမျိုးနဲ့ ပြည်သူ လူထုကို လိမ်ညာဖို့ ကြိုးစားတယ်ဆိုတဲ့ အခြေအနေ ကျနော်တို့ တွေ့နေရတယ်။ အကျဉ်းထောင် တွေထဲမှာ ၃,၀၀၀ ကျော်သော ပုဒ်မတူတဲ့သူတွေ ကျန်နေသေးတယ်ဆိုတာတော့ သေချာ ပြောရဲပါတယ်။”
ဒါ့အပြင် ပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) တို့နဲ့ တရားစွဲဆိုအမှုဖွင့်ခံထားရသူ ၁၂,၄၈၇ ယောက်ရဲ့ ကြားနာဆဲ အမှုပေါင်း ၉၅၃၂ မှုကို ပိတ်သိမ်းပြီး အမှုက လွှတ်ပေးဖို့ ထုတ်ပြန်ထားပေမဲ့ လက်တွေ့မှာ အခုတိုင် အမှုပိတ်သိမ်းပေးတာ မရှိကြောင်း နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။
“ဒီအမှုတွေ စွဲဆိုထားတာနဲ့ပတ်သက်တာကျတော့ အမှုပိတ်သိမ်းကြောင်းဆိုတဲ့ စာ လိုတာပေါ့။ အဲဒီအမှုပိတ်သိမ်းကြောင်းစာရမှသာ အမှုက ပိတ်လို့ရတာပေါ့။ အဲဒီအခါကတော့ စစ်ဆေးနေဆဲ တချို့ အမှုတွေမှာ စခန်းမှူးနဲ့ မြို့နယ်မှူးတွေဟာ အမှုပိတ်ပေးဖို့ ခရိုင်ကနေ ခွင့်ပြုချက်ယူရမယ်၊ အဲဒီအတွက် ပိုက်ဆံဘယ်လောက်ပေးရမယ်ဆိုပြီး တောင်းတာမျိုး တွေရှိတယ်။ ၅၀ (ည) နဲ့ ပတ်သက်ပြီးတော့ လွှတ်တဲ့နေရာမှာလည်း လွတ်တဲ့သူက လွတ်တယ်၊ မလွတ်တဲ့သူတွေလည်း မလွတ်သေးဘူး။ တကယ်က အကုန်လွှတ်တာ မဟုတ်ဘူး၊ သူတို့ အခု တကယ် လွှတ်ပေးတဲ့သူ တွေက လွတ်ရက်စေ့ကာနီးလူတွေ များတယ်။ တကယ်က သူတို့ အခုလို လုပ်နေတာက လူတွေကို အာပတ်ဖြေတဲ့ပုံစံမျိုးလုပ်နေတာ။”
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ အာဏာသိမ်း ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၀,၅၄၃ ယောက်ရှိခဲ့ရာ အဲဒီအထဲ ၂၂,၇၇၂ ယောက်မှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၁၁,၅၃၆ ယောက်က ထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရပါတယ်။
ဝေဝေ


