ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင် အကျဥ်းထောင်ကနေ အကျဉ်းသူ အကျဉ်းသား စုစုပေါင်း ၁၀၄ ယောက်ကို ဖေဖော်ဝါရီ ၂၃ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။
ဒူးပလာယာခရိုင် အကျဥ်းထောင်မှာရှိတဲ့ အကျဉ်းသားတွေထဲက ထောင်ဒဏ် ၇ နှစ် အောက် အကျဥ်းသူ ၁၂ ယောက်၊ အကျဥ်းသား ၉၂ ယောက် စုစုပေါင်း ၁၀၄ ယောက်ကို KNU ဥက္ကဋ္ဌရဲ့ အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တာဖြစ်ပါတယ်။
မုဒိမ်းမှုနဲ့ မူးယစ်ဆေးဝါးမှုတွေမှာ ထောင်ဒဏ် ၇ နှစ် အထက် ကျူးလွန်သူတွေကလွဲလို့ ကျန်တဲ့ ပြစ်မှုကျူးလွန်သူတွေကို စည်းကမ်းသတ်မှတ်ချက်မထားပဲ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တာလို့ KNU တာဝန်ရှိသူ တယောက်က ပြောပါတယ်။




