
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ရှိ၊ ဟင်္သာတအကျဉ်းထောင်မှာ အကျဉ်းဦးစီးဌာနအရာရှိတွေနဲ့ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို ပြင်းပြင်းထန်ထန်ရိုက်နှက်မှုတွေ လုပ်ဆောင်နေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဟင်္သာတ အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “အကျဉ်းထောင် ပတ်ဝန်းကျင်မှာ မြက်ရှင်း၊ ထင်းခုတ်၊ အိမ်သာဆေးခိုင်းတာ။ အကျဉ်းသားတချို့က နေထိုင်မကောင်း ကြောင်းပြောတာ။ ဘာလို့ နေမကောင်းဖြစ်ရမှာလဲ၊ စောက်ဖြစ်ကို မရှိဘူးလို့ဆိုပြီး အကျဉ်းသားတချို့ကို ထောင်အာဏာပိုင်တွေကရိုက်တာ။ အကျဉ်းသားတွေကို ခေါင်းကို နံရံနဲ့ ဆွဲစောင့်တယ်။ ကိုယ်ခန္ခာတွေနဲ့လက်တွေမှာလည်း ဒဏ်ရာတွေမနည်းဘူး။” လို့ပြောပါတယ်။
ဟင်္သာတ အကျဉ်းထောင်ကအာဏာပိုင်တွေဟာ နိုင်ငံရေး အကျဉ်းသား ၉ ယောက် အပါအဝင် အကျဉ်းသားအများအပြားကို ရိုက်နှက်ခဲ့တာကြောင့် ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိထားပေမဲ့ ဆေးကုသခွင့်မပေးဘဲ ထားတယ်လို့ သိရပါတယ်။
ဟင်္သာတ အကျဉ်းဦးစီးဌာန နဲ့ နီးစပ်သူနောက်ထပ်တ ယောက်က “သက်ကြီးပိုင်း အကျဉ်းသားတွေဆို နေထိုင်မကောင်းဖြစ်နေတာ။ အတော်ပြင်းထန်နေတယ်။ အသက် ၅၀ ကျော်၊ ၆၀ လောက် အကျဉ်းသားတွေပါ။ ဟင်္သာတ အကျဉ်းထောင်က အကျဉ်း ထောင်ဝန်ထမ်း ငယ်လေးတွေက စာနာစိတ်ရှိသေးတယ်၊ စာနာစိတ်မရှိတာ အရာရှိဆိုသူတွေ” လို့ ပြောပါတယ်။
အကျဉ်းသားတွေအပေါ် ဥပဒေမဲ့ ရိုက်နှက်တာတွေ လုပ်နေတဲ့ အကျဉ်းထောင်အရာရှိ အောင်ကျော်မြင့်ကို သက်ဆိုင်ရာ အထက်အဆင့်ဆင့်က စစ်ဆေးတားဆီး အရေးယူခြင်း မရှိတဲ့အပြင် ထောင်ပိုင်သန်းဇော်ထွေးနဲ့ ပေါင်းကာ နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက် နေတာလို့ ဆိုပါတယ်။
အကျဉ်းသားတွေဘက်က ဆေးကာသခွင့်ပေးဖို့ အကျဉ်းဦးစီးဌာနကို ခွင့်ပြုပေးဖို့ တောင်းဆိုထားကြပေမဲ့ စစ်ကောင်စီ လက်အောက်ခံ ဟင်္သာတ အကျဉ်းထောင်အာဏာပိုင်တွေ ကလက်ရှိအချိန်ထိ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဟင်္သာတ အကျဉ်ထောင်အရာရှိတွေက အရက် မူးလာတဲ့အခါတိုင်း မကြာခဏအကျဉ်း သားတွေကို အကြောင်းပြချက်မရှိဘဲ ရိုက်နှက်တာတွေလုပ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Photo - KK


