
ဆီးရီးယားအကျဉ်းထောင်တွေမှ အစ္စလာမ္မစ်နိုင်ငံတော် (ISIS) အဖွဲ့ဝင် အကျဉ်းသား ၃,၀၀၀ လောက်ကို အီရတ်နိုင်ငံကို လွှဲပြောင်းပေးထားပြီး လုပ်ငန်းစဉ်မှာ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ အီရတ်နိုင်ငံခြားရေးဝန်ကြီး ဖှူးဝါ့ဒ်ဟူစိန်က ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြောပါတယ်။
ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ မြူးနစ်ချ်လုံခြုံရေးညီလာခံရဲ့ ပြင်ပမှာ ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံချိန်မှာ ပြောသွားတာပါ။
ဘဂ္ဂဒက်အစိုးရဟာ လက်ရှိမှာ အကျဉ်းသားလွှဲပြောင်းလက်ခံရေး လုပ်ငန်းစဉ်တွေကို ဆက်လုပ်ဆောင်နေသလို၊ မကြာခင်မှာလည်း အီရတ်နိုင်ငံသားမဟုတ်တဲ့ တခြားနိုင်ငံခြားသား အကျဉ်းသားတွေကိုလည်း သူတို့ရဲ့ မိခင်နိုင်ငံတွေဆီ ပြန်လည်ပို့ဆောင်နိုင်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆီးရီးယားနိုင်ငံအတွင်းမှာ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ တကျော့ပြန် ပြန်လည်အားကောင်းလာနေတာကို စိုးရိမ်မိကြောင်းနဲ့ ဒီအခြေအနေကို ထိန်းချုပ်ဖို့အတွက် အမေရိကန် အပါအဝင် မဟာမိတ်နိုင်ငံတွေဆီကနေ ဘဏ္ဍာရေးနဲ့ လုံခြုံရေးဆိုင်ရာ အကူအညီတွေ လိုအပ်နေကြောင်းလည်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှာ အီရတ်နဲ့ ဆီးရီးယားဒေသတွေကို ထိန်းချုပ်ခဲ့ပေမဲ့ ၅ နှစ် အကြာလောက်မှာတော့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးကြောင့် တပ်ပျက်သွားခဲ့ပါတယ်။
အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ရဲ့ စစ်သွေးကြွအများအပြားကို ဖမ်းဆီးခဲ့ပေမဲ့လည်း ဂျီဟတ်အဖွဲ့ရဲ့ အကြွင်းအကျန်တွေက ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။
Source: Reuters


