
ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်မှာ အကျဉ်းသားအခွင့်အရေးတွေကို တောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ယောက် အပါအဝင် အကျဉ်းသားတချို့ တိုက်ပိတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်တွေအကျဉ်းထောင်က အကျဉ်းသားတွေဟာ သူတို့ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ အကျဉ်းသားအခွင့်အရေးတွေကို တောင်းဆိုကြတာကြောင့် နိုင်ငံရေးအကျဉ်းသား ၂ ယောက်နဲ့ အကျဉ်းသားတချို့ တိုက်ပိတ်ခံထားရတာလို့ AAPP က ပြောပါတယ်။
စစ်တွေအကျဉ်းထောင်မှာ ၂၀၂၅ ခုနှစ်အတွင်းကလည်း အကျဉ်းသားတွေကို အချိန်မီ ဆေးကုသခွင့်မပေးတဲ့အတွက် နိုင်ငံရေးအကျဉ်းသား ၂ ယောက် ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများအတွက် တရားမျှတမှုကွန်ရက် (JNPP) က ဇန်နဝါရီ ၃၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
စစ်တွေအကျဉ်းထောင်မှာ ၂၀၂၃ ခုနှစ်ကတည်းက နိုင်ငံရေးအကျဉ်းသားတွေကို ပိုမိုဖိနှိပ်မှုတွေ ပြုလုပ်လာသလို ထောင်ဝင်စာတွေ့မှုတွေကိုလည်း တင်းတင်းကျပ်ကျပ် လုပ်လာနေတာလို့ စစ်တွေထောင်နဲ့ နီးစပ်သူ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်တွေအကျဉ်းထောင်မှာ ရခိုင်တိုက်ပွဲနောက်ပိုင်း နိုင်ကျဉ်းတွေကို ပိုမိုဖိနှိပ်မှုတွေ လုပ်လာတယ်လို့ သိရတယ်။ ရခိုင်မှာက အာဏာသိမ်းမှုကြောင့် ဖမ်းဆီးခံထားရတဲ့ နိုင်ကျဉ်းက အနည်းငယ်ပဲရှိတာ။ အများဆုံး နိုင်ကျဉ်းတွေကတော့ AA နဲ့ ဆက်စပ်တယ်လို့ မတရားစွပ်စွဲပြီး ဖမ်းဆီးထားတဲ့သူတွေ အများဆုံးပဲ။ အဲဒီအထဲမှာ အမျိုးသားတွေရော အမျိုးသမီးတွေရော ပါတယ်။ သူတို့ကိုကျ ထောင်အာဏာပိုင်တွေက ဖိနှိပ်မှုတွေ ပိုလုပ်တယ်။ မိသားစုတွေနဲ့ ထောင်ဝင်စာတွေ့ခွင့်ကိုလည်း လရှည်ကြာပိတ်တာမျိုးတွေ တိုက်ပိတ်ပြီး ထားတာမျိုးတွေ ပြုလုပ်တာရှိတယ်။ လက်ရှိ စစ်တွေမှာက လူ့အခွင့်အရေးအဖွဲ့တွေလည်း မရှိတော့ ထောင်သတင်းတွေက အရင်ကလောက် မထွက်တော့ဘူး။”
စစ်တွေမြို့မှာ စစ်ကောင်စီက ၂၀၂၄ ခုနှစ်အတွင်း မြို့ခံတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူ အရပ်သား ရာနဲ့ချီကာ ဖမ်းဆီးခဲ့ပြီး အာရက္ခတပ်တော်နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီးတော့ ပုဒ်မအမျိုးမျိုးတပ်ကာ ထောင်ဒဏ်တွေ ချမှတ်ထားတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မကွေးအကျဉ်းထောင်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက ညှဉ်းပန်းနှိပ်စက်တာ၊ အဓမ္မအလုပ်ခိုင်းစေတာနဲ့ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေမပေးဘဲ လျစ်လျူရှုတာတွေလည်း ရှိနေတယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


