
နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) အဖွဲ့ဝင် အမျိုးသားလွတ်မြောက်ရေး တပ်တော် (NLA) ခေါင်းဆောင် ကိုဇီးကွက်နဲ့ ရဲဘော်အချို့ကို NUG အမှတ် ၁ စစ်ဒေသ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းထားတဲ့အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိုင်းဆွေးနွေးနေတယ်လို့ SRA အဖွဲ့ဝင်ဖြစ်တဲ့ BPLA ခေါင်းဆောင် မောင်ဆောင်းခက ဒီကနေ့ မတ် ၇ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
“SRA အဖွဲ့ဝင် NLA ခေါင်းဆောင် ကိုဇီးကွက်နဲ့ ရဲဘော်တချို့ကို အမှတ် ၁ စစ်ဒေသက လက်နက်တွေသိမ်းပြီး ထိန်းသိမ်းထားပါတယ်။ ကျနော်တို့ SRA အနေနဲ့ကတော့ MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိုင်းဆွေးနွေးနေပါတယ်။ သူတို့ဘက်က အကောင်းဆုံး ဖြေရှင်းပေးပါ့မယ်လို့ ပြောထားတဲ့အတွက် စောင့်နေဆဲဖြစ်ပါတယ်။”
အချင်းချင်း ကျည်ပေါက်တဲ့ကိစ္စမဖြစ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ SRA ဆွေးနွေးခဲ့တယ်ဆိုတဲ့ ရုပ်သံအင်တာဗျူးကို ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးကိုလည်း မတ် ၆ ရက်က ထုတ်လွှင့်တာ တွေ့ရပါတယ်။
အင်တာဗျူးဖြေပြီးနောက်ရက်မှာ SRA အဖွဲ့ဝင် တပ်ဖွဲ့တချို့က ခေါင်းဆောင်ပိုင်းနဲ့ ရဲဘော်တွေကို NUG ကွတ်ကဲမှုအောက် အဖွဲ့အစည်းတွေက ဖမ်းဆီးတာရှိတယ်လို့ SRA ဦးဆောင်ကော်မတီဝင် ကိုမင်းဟန်ထက်ကလည်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
မတ် ၆ ရက်နေ့ မနက်မှာ ကိုဇီးကွက် အပါအဝင် ရဲဘော် ၉ ယောက် ဖမ်းဆီးခံခဲ့ရပြီးနောက် ရဲဘော် ၄ ယောက် ပြန်လည်လွတ်မြောက်လာပြီလို့လည်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
အရင်ကလည်း BNRA နဲ့ NUG တို့အကြား ပဋိပက္ခဖြစ်ပွားစဉ်အချိန်က GZA ရဲဘော်တွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ဖို့ SRA က ကြားဝင်ညှိနှိုင်းပေးခဲ့ရဖူးတယ်လို့လည်း မောင်ဆောင်းခက ရေးသားထားပြီး ဖြေရှင်းလိုတဲ့ ဆန္ဒရှိပါက အခုပြဿနာမှာလည်း ပြေလည်နိုင်မယ်လို့ ဆိုပါတယ်။
SRA ဟာ တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ မဟာမိတ်တပ်ပေါင်းစုဖြစ်ပြီး မကြာသေးခင်ကလည်း NUG ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တရားဝင်တွေ့ဆုံကာ စစ်ဆင်းရေးနဲ့ ထောက်လှမ်းရေးကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးထားသည့်အဖွဲ့လည်း ဖြစ်ပါတယ်။


