
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) တို့ ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များ ဆိုင်ရာ မူဝါဒကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါအပြင် မူဝါဒအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြသလို စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာ ကိစ္စရပ်တွေ၊ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာတွေကို ရင်းနှီးပွင့်လင့်စွာဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးရေး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ SRA အဖွဲ့ဝင် ဗမာပြည့်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခကတော့ အစည်းအဝေးမှာ SRA ကိစ္စတွေအပြင် SRA ထဲ မပါဝင်ကြသေးတဲ့ တပ်ဖွဲ့တွေရဲ့ အရေးကိစ္စတွေကိုပါ သေချာဆွေးနွေးဖြစ်ခဲ့ပြီး အထူးသဖြင့် NUG လက်အောက်ခံမဟုတ်တဲ့တပ်တွေအပေါ် NUG ရဲ့ သဘောထားကို မေးမြန်းအတည်ပြုနိုင်ခဲ့ပါ တယ်လို့ သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒါအပြင် NUG နဲ့ SRA ကြား အပြန်အလှန်အသိအမှတ်ပြုနိုင်ကြဖို့ ကျေလည်တဲ့ ညီညွတ်ရေးကို အတူတကွ တည်ဆောက်နိုင်ကြဖို့နဲ့ မိတ်ဖက်ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းနိုင် ကြဖို့ကို သဘောတူညီခဲ့ကြပါတယ်လို့လည်း ဆိုပါတယ်။
အဲဒီဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့်လူ ဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့တက်ရောက်ခဲ့ကြပြီး နွေဦးတော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု (SRA) မှ ခေါင်းဆောင်တွေ စုံစုံလင်လင်တက်ရောက်ခဲ့ကြတယ်လို့ သိရ ပါတယ်။


