
နဂါးကနေ တီကောင်ဘဝနဲ့ နိဂုံးချုပ်သွားတဲ့သတင်းကြောင့် လူမှုကွန်ရက် စာမျက်နှာပေါ် တော်လှန်ပြည်သူတို့ လက်သီးလက်မောင်းတန်းနေချိန်မှာပဲ မကြည်ပြာပြဿနာ စာလွှာက မရဲတရဲ တက်လာပြန်တော့ စိတ်အနှောင့်အယှက် ဖြစ်သွားကြရတယ်။
NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ မကြည်ပြာပြဿနာ ဖြေရှင်းချက်စာ၊ တိုင်ကြားသူတွေနဲ့ တိုင်ကြားခံရသူတွေဆီ ပေးပို့တဲ့ ထုတ်ပြန်ချက်လို့ ဆိုတယ်။ အများပြည်သူဆီ ဖြန့်ချိတဲ့စာ မဟုတ်ပေမဲ့ လုံခြုံရေးအရ လျှို့ဝှက်အဆင့် သတ်မှတ်ပေးပို့တာမျိုးလည်း မဟုတ်တဲ့အတွက် အများသိအောင် ဖြန့်ချိလို့ရတဲ့သဘောဆောင်ပါတယ်။
NUG ဝန်ကြီးချုပ်ရုံးကလည်း အများပြည်သူဆီ ပျံ့နှံ့သွားမယ်ဆိုတာ သိလို့ နဂါးသတင်းအောက် ပျောက်လိုပျောက်ငြား ရည်ရွယ်ချက်ရှိစွာနဲ့ အချိန်ကိုက် ပေးပို့လိုက်ကြောင်း ပြည်သူတို့က ယူဆတာကြောင့် မကျေမနပ်ဖြစ်ကြတယ်။ (NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း နဂါးသတင်းတွေ ထွက်နေချိန် မကြည်ပြာပြဿနာ ကြေညာမိတာဟာ လွဲမှားတယ်လို့ အစိုးရအဖွဲ့ ကိုယ်စား ဝန်ခံချင်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်။)
အဆိုးဆုံးအခြေအနေက ဒေါ်ကြည်ပြာသည် ဝန်ထမ်းတွေအပေါ် ချိုသာစွာ ပြောဆိုဆက်ဆံမှု မရှိကြောင်း ပြစ်ချက်တခုသာ ရှိတယ်ဆိုတဲ့ တွေ့ရှိချက်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက လက်မှတ်ရေးထိုး ထုတ်ပြန်ထားခြင်းဖြစ်တယ်။ ပြောရရင် မကြည်ပြာအရေး ၃ လလောက် ကြာတဲ့အထိ NUG အစိုးရက ဖြေရှင်းချက်မပေးတာကြောင့် တော်လှန်ပြည်သူတို့က စိတ်ဘဝင်မကျ ဖြစ်နေတဲ့အချိန်မှာ နှုတ်မချိုသာတာကလွဲ အပြစ်မရှိကြောင်း ထုတ်ပြန်ချက်လေး တစောင်နဲ့ အကျဉ်းချုပ်လိုက်ခြင်းအပေါ် အင်မတန် ပြီးစလွယ်နိုင်တဲ့ လုပ်ရပ်လို့ အများက ရှုမြင်ကြတယ်။
NUG အစိုးရဟာ ဘာပဲဖြစ်ဖြစ် ကိုယ့်လူကိုယ် လုံးဝအထိမခံ၊ အပြင်းအထန် ခုခံကာကွယ်နေတာလား ဆိုတဲ့ မေးခွန်းမျိုး တော်လှန်ပြည်သူတို့ရဲ့ ရင်ထဲ တပြိုင်နက် ရောက်ရှိကာ မကြည်ပြာ တောမီးက နဂါးသတင်းကိုတောင် ဖုံးချင်ချင် ဖြစ်လာတယ်။
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့၊ လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထု အဖွဲ့အစည်း၊ ဒို့ခေတ် ထောက်ပို့အဖွဲ့၊ တယ်လီကျန်းမာ စတဲ့ ဒီနေ့နွေဦးမှာ ကိုယ့်ကျွမ်းကျင်မှု အလိုက် နိုင်ရာတာဝန်ထမ်းနေကြတဲ့ CDM ထုကြီးက ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အပေါ် ကန့်ကွက်ကြရုံတင်မက သူတို့ရဲ့လုပ်ငန်းဆောင်တာတွေနဲ့ NUG အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေတာတွေကိုပါ ရပ်နားမယ်လို့ ထုတ်ပြန်ခဲ့ကြလေတော့ CDM တွေက NUG အစိုးရကို CDM ထပ်လုပ်တဲ့အဆင့်ထိ ဖြစ်ကုန်တယ်။
ဒါနဲ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ မကြည်ပြာအရေး သတင်းစာရှင်းလင်းပွဲ ကျင်းပပါမယ်လို့ NUG အစိုးရက မြန်မြန်ဆန်ဆန် ထုတ်ပြန်လာတယ်။ ဒါဟာ ပြည်သူတွေရဲ့အသံကို လက်ခံ နားထောင်နိုင်စွမ်းတဲ့ အစိုးရတရပ်ရဲ့ အလေ့အထဖြစ်ကြောင်း သက်သေပြချက်လည်း ဖြစ်တယ်။
သတင်းစာရှင်းလင်းပွဲကို မကြည်ပြာအရေး စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဦးဆောင်တယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို NUG ဝန်ကြီးတွေ ပါဝင်တဲ့ ၅ ဦးအဖွဲ့က စစ်ဆေးခဲ့တယ်ဆိုပေမဲ့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေရဲ့ ပူးပေါင်းစစ်ဆေးမှုနဲ့ အကြံပြုချက်တွေ ရယူခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲအရ သိရတယ်။
စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို ချုပ်ရရင် လူ့အခွင့်အရေးချိုးဖောက်ကြောင်း ခိုင်လုံတဲ့ သက်သေအထေက်အထားတွေ မတွေ့ရပေမဲ့ မကြည်ပြာက ဝန်ထမ်းတွေအပေါ် နှုတ်အားဖြင့် အပြောအဆို ချိုသာမှုမရှိခဲ့ကြောင်း ဆိုတယ်။
အလွဲသုံးစားမှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မကြည်ပြာဟာ သူ့အမျိုးသားနဲ့ ဆွေမျိုးတချို့ကိုပါ တရုံးတည်းမှာ ရာထူးတာဝန်ပေး ခန့်အပ်ထားတာကြောင့် သာတူညီမျှကောင်းစားရေးမူနဲ့ ငြိစွန်းမှုရှိတယ်လို့ ထုတ်ပြန်တယ်။
အဂတိလိုက်စားမှုနဲ့ ငွေကြေးအလွဲသုံးစားမှု ကျူးလွန်ကြောင်း စွပ်စွဲချက်နဲ့ပတ်သက်ပြီး တိုင်ကြားသူတွေအနေနဲ့ နှုတ်နဲ့ စွပ်စွဲမှုသာရှိပြီး ခိုင်လုံတဲ့ သက်သေအထောက်အထား တင်ပြနိုင်ခြင်း မရှိဘူးလို့ ဆိုသလို စာရင်းဇယား စစ်ဆေးမှုနဲ့ စာရင်းစစ်ရုံးရဲ့ သဘောထား မှတ်ချက်ကလည်း အဂတိလိုက်စားကြောင်း ခိုင်လုံတဲ့အချက်တွေ မတွေ့ရဘူးလို့ ဆိုတယ်။
သတင်းစာရှင်းလင်းပွဲမှာ အများသတိပြုမိတဲ့ အချက်တချက်က မကြည်ပြာအနေနဲ့ သူ့အမျိုးသားနဲ့ ဆွေမျိုးတွေကို အလုပ်ခန့်ထားတာဟာ ကိုယ့်သဘောနဲ့ကိုယ် ခန့်ထားတာလား၊ ဝန်ကြီးချုပ်ကိုယ်တိုင် လက်ခံခဲ့တာလား ဆိုတာပါပဲ။ အဲဒီမေးခွန်းကို မီဒီယာတွေက ၂ ကြိမ် မေးမြန်းခဲ့ပေမဲ့လည်း NUG ဝန်ကြီးတွေက ၂ ကြိမ်စလုံး ဖြေမသွားပါဘူး။
နောက်ထပ် အရေးကြီးတဲ့ ပြဿနာတရပ်က ဝန်ကြီးချုပ်ရုံးရဲ့ မူဝါဒရေးရာအကြံပေးအဖွဲ့ ဝန်ထမ်းတွေရဲ့ အချိုးကျထည့်ဝင် ရန်ပုံငွေ ဒေါ်လာ ၈၀,၀၀၀ ထဲက အများစုကို တော်လှန်ရေးအတွက် ပြန်လည်လှူဒါန်းခြင်းမရှိဘဲ ကာလရှည်မသုံးစွဲဘဲ မကြည်ပြာနဲ့ အမျိုးသားက သိမ်းဆည်းထားခြင်းပါပဲ။
အဲဒီ ဒေါ်လာ ၈၀,၀၀၀ ထဲမှာ ဝန်ထမ်းတွေဖြစ်တဲ့ မကြည်ပြာနဲ့ အမျိုးသားကရော လစဉ် အချိုးကျထည့်ဝင်ခြင်း ရှိ၊ မရှိ မသိရပါဘူး။ NUG ပညာရေးဝန်ကြီး ဒေါ်ဂျာထွယ်ပန်က အဲဒီငွေတွေကို တော်လှန်ရေးအတွက် ဘယ်နေရာတွေမှာ ပြန်လည်အသုံးပြုမယ်ဆိုတဲ့ တိကျတဲ့မူဝါဒ မရှိဘူးလို့ ဆိုသလို ငွေအများစုကို မသုံးရသေးတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
မသုံးရသေးတဲ့ငွေတွေကို မသုံးရသေးကြောင်း ငွေစာရင်းအတိအကျနဲ့ ပြန်လည်အပ်နှံခြင်းဟာ အဂတိလိုက်စားမှု မမြောက်ဘူးလို့ ဆိုနိုင်ပေမဲ့ ဒီငွေတွေကို ပွင့်လင်းမြင်သာမှုမရှိ၊ တော်လှန်ရေးအတွက် လှူဒါန်းခြင်းလည်း မရှိဘဲ ဘာကြောင့် ကာလရှည် သိမ်းဆည်းထားရသလဲ ဆိုတဲ့ မေးခွန်းက ထွက်ပေါ် လာပါတယ်။
အဲဒီအချက်က မကြည်ပြာ ငွေအလွဲသုံးစား လုပ်နေသလားဆိုတဲ့ သံသယကို ဖြစ်စေပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ်ရုံးကို ဦးဆောင်ရတဲ့ မကြည်ပြာဟာ စနစ်တကျ ပွင့်လင်းမြင်သာမှုရှိတဲ့ ငွေကြေးစီမံခန့်ခွဲမှုစနစ် မထားရှိခြင်းနဲ့ ရုံးတွင်း မချိုသာတဲ့ နှုတ်ရေးစွာမှုက ရုံးတရုံး ဓားတစင်းအဖြစ် မကြည်ပြာ မင်းမူခဲ့သလားလို့လည်း မေးခွန်းထုတ်ရပါမယ်။
နောက်ထပ် အရေးကြီးတဲ့ အချက်တချက်က မကြည်ပြာဟာ တော်လှန်ရေးကာလမှာ ရုံးတွင်းလုပ်ဖော်ကိုင်ဖက်တွေအပေါ် ရဲဘော်ရဲဘက်ဆက်ဆံရေး မထူထောင်ခဲ့သလို နိုင်ငံရေးသမားတယောက်ရဲ့ အနေအထိုင်မျိုးလည်း မရှိခဲ့ခြင်းပါပဲ။ မကြည်ပြာဟာ သူတို့ရဲ့ ကိုယ်ပိုင်ငွေနဲ့ ကားဝယ်တယ်၊ ခွေးမွေးနေ့လုပ်တယ်ဆိုတာ အဂတိမှုမမြောက်ပေမဲ့ တတိုင်းပြည်လုံး ငရဲပွက်နေတဲ့ အခုလိုကာလမျိုးမှာ ပြည်သူ့တပ်ဦး NUG အစိုးရရဲ့ ခေါင်းဆောင်တယောက် အနေနဲ့ရော NLD ပါတီရဲ့ လွှတ်တော်အမတ်ဟောင်း နိုင်ငံရေးသမားတယောက် အနေနဲ့ပါ အင်မတန် လျော့ရဲလွန်းတဲ့ အနေအထိုင်မျိုး ဖြစ်နေပါတယ်။
အခုလို ခက်ခဲကြမ်းတမ်းလွန်းလှတဲ့ ကာလ၊ နိုင်ရာဝန် မျှထမ်းကာ အပြန်အလှန် ဖေးကူရမဲ့အချိန် မကြည်ပြာက ကားဝယ်ကာ ခွေးမွေးနေ့ လုပ်နေစဉ် NLD ပါတီ ၂၀၂၀ ရွေးကောက်ခံအမတ် တယောက်က စက်ဘီးလေး ဂျောက်ဂျက်နဲ့ မဲဆောက်မြို့ပတ်ကာ ထီလှည့်ရောင်းနေသလို အသက် ၆၀ ကျော်အရွယ် တခေါင်းလုံး ဖွေးနေပြီဖြစ်တဲ့ NLD အမတ်တယောက်ကလည်း ဝမ်းရေးအတွက် လမ်းဘေးမုန့်ဟင်းခါးဆိုင်လေးဖွင့် ရပ်တည်ကာ နိုင်ငံရေးတာဝန်မပျက် ရွက်လွှင့်နေတာ မြင်နေရပါတယ်။
“အားလုံးသိတဲ့အတိုင်းပဲ ဒီအချိန်မှာ ရှေ့တန်းမှာရှိနေတဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေ၊ CDM တွေရော အပါအဝင်ပေါ့နော်။ ချို့ချို့ငဲ့ငဲ့နဲ့ တော်လှန်ရေးကို လုပ်နေရတဲ့ အချိန်မှာ အားလုံး သိပြီးသား ကျနော်တို့ဆို ထမင်းစားတဲ့ဟာကို ဓာတ်ပုံမရိုက်ခိုင်းဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ရဲဘော်တွေကို အားနာလို့။ ဒါကြောင့် ပြင်းထန်စွာ အသိပေးတယ်၊ သတိပေးတယ် ဆိုတဲ့အထဲမှာ ဒါတွေပါမှာ ဖြစ်ပါတယ်။ အနေအထိုင် အပြောအဆိုကအစ ဒီနေ့ တော်လှန်ရေးဟာ အားလုံးပါဝင်နေတဲ့ တော်လှန်ရေးဟာ ဆင်ခြင်ကြရမှာဖြစ်တယ်။ ခုနလိုကိစ္စတွေတင် မကဘူး၊ အားလုံးပေါ့။ ကျနော်တို့ ဒီနေ့ တော်လှန်ရေးထဲမှာ ရှိနေတဲ့ သူတွေဟာ အားလုံးဆင်ခြင်ကြရမှာ။ ရဲဘော်တွေက ရှေ့တန်း ကတုတ်ကျင်းထဲမှာ အဝတ်အစားတောင် လဲချိန်မရဘဲနဲ့ တိုက်ပွဲဝင်နေတဲ့ အချိန် ကျနော်တို့တတွေ အဝတ်အစားတွေ ထည်လဲဝတ်နေလို့ မရဘူးဆိုတဲ့အကြောင်း၊ အဲဒါကြောင့် ပြင်းထန်စွာ သတိပေးတဲ့အထဲမှာ အနေအထိုင် အပြောအဆိုကအစ သတိပေး၊ အသိပေးသွားမှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ကျနော် ပြောချင်တာ” လို့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာဇော်ဝေစိုးရဲ့ ပြောကြားချက်က အထူးမှတ်သားဖွယ်ရာပါ။
နိုင်ငံရေးသမားတဦးရဲ့ အပြောအဆို အနေအထိုင် မတတ်ခြင်းဟာ ဥပဒေကြောင်းအရ ဘာပြစ်မှုမှ မမြောက်ပေမဲ့ နိုင်ငံရေးသမားတယောက်က နိုင်ငံရေးသမားတယောက်လို နိုင်ငံရေးအသိ၊ သတိကြီးစွာနဲ့ မနေထိုင်တတ်တာကို နိုင်ငံရေး ဟီရိဩတ္တပ္ပတရား ကင်းမဲ့ခြင်းလို့ မှတ်ယူရပါမယ်။
အထူးသဖြင့် ပြည်သူကို ဦးဆောင်ဦးရွက်ပြုနေတဲ့ ပြည်သူ့တပ်ဦးက NUG အစိုးရခေါင်းဆောင်တွေကို အနာအဆာမရှိတဲ့ စံပြပုဂ္ဂိုလ်တွေဖြစ်ဖို့ တော်လှန်ပြည်သူတို့က တောင်းဆိုနေချိန်မှာ ဒီကိစ္စက NUG အစိုးရအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုကိုပါ လျော့ရဲစေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မကြည်ပြာပြဿနာအပေါ် အခြေခံကာ ငွေကြေးစီမံခန့်ခွဲရေးနဲ့ အဂတိကင်းရေးဆိုင်ရာ အချက် ၆ ချက်ကို ဖော်ဆောင်သွားမဲ့အကြောင်း NUG အစိုးရရဲ့ ထုတ်ပြန်မှုက အဆိုးထဲကနေ အကောင်းဆုံး သင်ခန်းစာရယူခြင်းလို့ မှတ်ယူရမှာဖြစ်သလို လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပြည်သူတို့ရဲ့ ယုံကြည်မှုကို ပြန်လည်မြှင့်တင်နိုင်ဖို့ လိုပါမယ်။
အထူးသတိပြုရမဲ့အချက်က စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အပေါ် လေးစား အသိအမှတ်ပြုကြဖို့ပါပဲ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့တာဝန်က တိုင်ကြားမှုတွေ မှန်၊ မမှန် သက်သေ အထောက်အထား၊ ကျွမ်းကျင်သူတို့ရဲ့ အကိုးအကားနဲ့ တိုက်ဆိုင်စစ်ဆေး ဆုံးဖြတ်ပေးရခြင်းပါပဲ။
မိမိရဲ့ ဆန္ဒစွဲအရ အဂတိကျူးလွန်ခဲ့တယ်လို့ ကိုယ့်ဘာသာ တပ်အပ်ဆုံးဖြတ်ထားပြီး စုံစမ်းမှုရလဒ်က မကျူးလွန်ကြောင်း အဖြေထွက်လာတဲ့အခါ ကိုယ့်ဆန္ဒနဲ့ မကိုက်ညီလို့ စုံစမ်းရေးအဖွဲ့က ဘက်လိုက်တယ်လို့ လက်ညှိုးထိုးခြင်းဟာ ဒီမိုကရက်အမြင်အသွေးနဲ့ ဆန့်ကျင်ဘက်ဖြစ်ကြောင်း အလေးအနက် ပြုစေလိုပါတယ်။
နောက်ထပ် အရေးကြီးတဲ့အချက်က မကြည်ပြာပြဿနာဟာ NUG အစိုးရရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ဖြစ်ပေါ်လာရပြီး အဲဒီအပေါ် တာဝန်ရှိသူတွေ တာဝန်ခံဖို့ လိုအပ်နေသေးပေမဲ့ ဒါဟာ NUG အစိုးရ တစုံလုံးမှာ ဖြစ်နေတာ မဟုတ်ပါဘူး။ NUG အစိုးရရဲ့ အရေးပါတဲ့ ပင်နီယံတချောင်းရဲ့ ချို့ယွင်းမှုသာ ဖြစ်ပါတယ်။
အခုဆိုရင် မကြည်ပြာက အမြဲတမ်းအတွင်းဝန်ရာထူးကနေ နုတ်ထွက်ခွင့် တောင်းခံထားပြီဖြစ်ပေမဲ့ မကြည်ပြာ နုတ်ထွက်ခြင်းဟာ ပြဿနာရဲ့ အဆုံးနိဂုံး မဟုတ်ပါဘူး။ NUG အစိုးရထဲမှာရော၊ တော်လှန်ရေးအင်အားစုများကြားမှာပါ အလားတူ ပြဿနာတွေ ထပ်မပေါ်လာရေးက သိပ်အရေးကြီးပါတယ်။ NUG အစိုးရအနေနဲ့ မကြည်ပြာပြဿနာအပေါ် အမှန်တကယ် သင်ခန်းစာယူ ပြုပြင်နိုင်ဖို့ လိုပါမယ်။
တော်လှန်သော ပြည်သူတွေက အခုလို ပြဿနာမျိုး ထပ်မကြားချင်တော့တာ ဧကန်ပါပဲ။


