
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်၊ သုံးသပ်ချက်တွေကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က သတင်းစာရှင်းလင်း ထုတ်ပြန်ခဲ့ပြီးနောက် ဒေါ်ကြည်ပြာဟာ ရာထူးကနေ နုတ်ထွက်စာတင်ခဲ့ပါတယ်။
နုတ်ထွက်ခွင့်ပြုဖို့ တင်ပြခဲ့တဲ့ အကြောင်းအရာထဲမှာ ၃ လတာ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်မှာ အပြည့်အဝပူးပေါင်း ပါဝင်ခဲ့ပြီး စုံစမ်းစစ်ဆေးရေး ရလဒ်တွေ ထွက်ပေါ်လာခဲ့ချိန်မှာ မမှန်မကန် စွပ်စွဲထားတဲ့ ကိစ္စတွေလည်း အဖြေပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လတ်တလောမှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူရမဲ့ အခြေအနေဖြစ်တဲ့အတွက် NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် တာဝန်ကနေ နုတ်ထွက်ခွင့်ပြုပါလို့လည်း ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဒေါ်ကြည်ပြာဟာ သူ့အမျိုးသား ဦးညီညီမင်း အပါအဝင် တူတော်စပ်သူ ၂ ယောက်ကို ဝန်ကြီးချုပ်ရုံးမှာ ရာထူးခန့်အပ်ထားတာ မှန်ကန်ကြောင်းနဲ့ ဦးညီညီမင်းရဲ့ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု ပေါ်လွင်ကြောင်း တင်ပြခဲ့ပါတယ်။
တိုင်ကြားသူတွေရဲ့ တခြားစွပ်စွဲချက်တွေဖြစ်တဲ့ လူ့အခွင့်အရေးနဲ့ ဝန်ထမ်းတွေအပေါ် ခွဲခြားဆက်ဆံတာနဲ့ ဝန်ထမ်းအခွင့်အရေး ချိုးဖောက်တာ၊ အလွဲသုံးစားပြုလုပ်မှုတွေ၊ ဝန်ထမ်းတွေအပေါ်နဲ့ တော်လှန်ရေးအစိုးရအတွင်း မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ် ဆောင်ရွက်တာတွေမှာတော့ ကျူးလွန်ထားတာ မတွေ့ရှိရဘဲ ဝန်ထမ်းတွေကို ချိုသာစွာ ပြောဆိုဆက်ဆံခြင်း မရှိတာ တခုပဲ ရှိတာကြောင့် ပြင်းထန်စွာ သတိပေးသွားမယ်လို့ ဆိုပါတယ်။
ဆွေမျိုးကောင်းစားရေးနဲ့ပတ်သက်တဲ့ စွပ်စွဲချက်အတွက် ငြိစွန်းနေတာကိုတွေ့ရတာကြောင့် ဒေါ်ကြည်ပြာရဲ့အမျိုးသား ဦးညီညီမင်းနဲ့ တူတော်စပ်သူ ၂ ဦးကို ရာထူးကနေ ထုတ်ပယ်မယ်လို့လည်း ဆိုပါတယ်။
တိုင်ကြားခံရသူ ဒေါ်ကြည်ပြာကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်ကနေ ဒီကနေ့အထိ ရာထူးတာဝန်ရပ်ဆိုင်းထားဆဲဖြစ်တယ်လို့ ဒေါက်တာဇော်ဝေစိုးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပေမဲ့ ဒေါ်ကြည်ပြာကို ရာထူးပြန်လည်ခန့်အပ်ဖို့ ရှိ၊ မရှိကိုတော့ ဖြေကြားသွားတာ မရှိပါဘူး။
ဒေါ်ကြည်ပြာနဲ့ သူ့ရဲ့ ခင်ပွန်း ဦးညီညီမင်းတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အာဏာအလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ လုပ်ငန်းခွင်အတွင်း မလျော်ဩဇာသုံးစွဲမှု စတာတွေနဲ့ ပတ်သတ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က အကြီးအကဲတွေဆီကို စာပေးပို့ပြီး တရားလို ၁၂ ယောက်က တိုင်ကြားခဲ့တာဖြစ်ပါတယ်။
တိုင်ကြားပြီး ၃ လအကြာ ဖေဖော်ဝါရီ ၁၈ ရက် ညမှာတော့ တိုင်ကြားမှုနဲ့ပတ်သက်တဲ့ စစ်ဆေး ဆုံးဖြတ်ချက်ကို တိုင်ကြားသူတွေဆီကို NUG က ပြန်ပို့ပေးခဲ့ပြီးနောက် ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မကျေလည်တာကြောင့် ကြားကာလ တက္ကသိုလ်တွေက တက္ကသိုလ်ဝင်ခွင့် ခေါ်ယူမှု ရပ်ဆိုင်းတာ၊ CDM ကျန်းမာရေးကွန်ရက်ကလည်း တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ကြေညာချက်ထုတ်ပြန်ပေးဖို့နဲ့ ပွင့်လင်းမြင်သာတဲ့ ဆောင်ရွက်မှုတွေ မရှိမချင်း NUG နဲ့ ပူးပေါင်းဆောင်ရွက်တာရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်သလို တယ်လီကျန်းမာကလည်း ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အချိန်မီ ဖြေရှင်းဆောင်ရွက်ပေးဖို့ တောင်းဆိုချက်တွေ ထွက်ရှိလာပြီးနောက် NUG အနေနဲ့ အခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။


