Home
မြန်မာသတင်း
CDM ကျန်းမာရေးကွန်ရက်က   NUG နှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်ထားမည် 
DVB
·
February 21, 2026

NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာအမှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အချက် ၆ ချက်တောင်းဆိုခဲ့ပြီး အဲဒီအချက်တွေ မလုပ်မချင်း ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး NUG နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ထားမယ်လို့ CDM ကျန်းမာရေးကွန်ရက်က ထုတ်ပြန်ထားပါတယ်။ 

တောင်းဆိုချက်ထဲမှာတော့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ကြေညာချက်တစောင်ကို ဒီနေ့ကစတင်ပြီး တပတ်အတွင်း ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ဖို့၊ ဒေါ်ကြည်ပြာနဲ့ သူ့ရဲ့ခင်ပွန်း ဦးညီညီမင်းတို့ ငွေကြေး အလွဲသုံးစားလုပ်ထားတာတွေ့ရင် အဲ့ဒီငွေကြေးတွေကို NUG အစိုးရဆီကို ပြန်လျော်ပေးဖို့၊ အစိုးရအနေနဲ့ ပြည်သူလူထုကိုတောင်းပန်ဖို့ အစိုးရအကြီးအကဲတွေအနေနဲ့ သတင်းစာရှင်းလင်းပွဲတရပ် အမြန်ဆုံးပြုလုပ်ပြီး တာဝန်ယူရှင်းလင်းတင်ပြဖို့၊ အခုလိုအမှုတွေ ထပ်ပေါ်ပေါက်လာရင် အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ စစ်ဆေးဆုံးဖြတ်ပေးဖို့ စတာတွေ ပါရှိပါတယ်။ 

CDM ကျန်းမာရေးကွန်ရက်ဟာ ၂၀၂၁ ခုနှစ် ဧပြီလ၊ အမျိုးသားညီညွတ်ရေးအစိုးရ စတင်ဖွဲ့စည်းခဲ့တဲ့ အချိန်ကစတင်ပြီး တော်လှန်ရေးကိုမျက်နှာမူပြီး ပြည်သူ့အစိုးရနဲ့ တသားတည်း ရှိခဲ့ကာ တော်လှန်ရေးအရွေ့တွေမှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေးဝန်ဆောင်မှုပေးတာ အစရှိတဲ့ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ 

ဒါပေမဲ့ NUG အနေနဲ့ တောင်းဆိုချက် ၆ ချက်ကို ဆောင်ရွက်မှု မပေးနိုင်သေးချိန်အထိ CDM ကျန်းမာရေးကွန်ရက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်မှာဖြစ်ပြီး CDM ကျန်းမာရေးကွန်ရက် အဖွဲ့ဝင်တွေ NUG နဲ့ ပူးပေါင်းဆောင်ရွက်မှုရှိရင် သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ တသီးပုဂ္ဂုလဆောင်ရွက်မှုတွေပဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ သူ့ရဲ့ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အာဏာအလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ လုပ်ငန်းခွင်အတွင်း မလျော်ဩဇာသုံးစွဲမှု စတာတွေနဲ့ ပတ်သက်ပြီး နစ်နာသူ ၁၂ ယောက်က တိုင်ကြားခဲ့ပြီး NUG ဘက်က ဒေါ်ကြည်ပြာအနေနဲ့ ဝန်ထမ်းတွေကို ချိုချိုသာသာဆက်ဆံဖို့သာ သတိပေးခဲ့ပါတယ်။ 

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနလက်အောက်က တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့ကတော့ တက္ကသိုလ်ဝင်ခွင့် (စတုတ္ထအကြိမ်) ခေါ်ဆိုခြင်း လုပ်ငန်းတွေကို အဲ့ဒီအမှုတစုံတရာ ကျေလည်မှု မရမခြင်း ယာယီရပ်ဆိုင်းမှာဖြစ်သလို လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်းကတော့ နစ်နာသူတွေအတွက် တရားမျှတမှုရရှိရေးကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ NUG ကို အလေးအနက်ထား တိုက်တွန်းတောင်းဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013