Home
မြန်မာသတင်း
မကြည်ပြာအမှုကိစ္စ ပြည်သူ့ တရားစီရင်ရေးနည်းလမ်းဖြင့် ဆက်သွားမည်
DVB
·
February 19, 2026

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး  NUG ရဲ့ ဆုံးဖြတ်ချက်ကို တိုင်ကြားသူတွေက မကျေနပ်တဲ့အတွက် ပြည်သူ့တရားစီရင်ရေးနည်းလမ်းနဲ့ပဲ ဒီအမှုကို ဆက်သွားမယ်လို့ ဆိုပါတယ်။

အမြဲတမ်းအတွင်းဝန် မကြည်ပြာနဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အာဏာအလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ လုပ်ငန်းခွင်အတွင်း မလျော်ဩဇာသုံးစွဲမှု စတာတွေနဲ့ ပတ်သတ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၉ ရက်က အကြီးအကဲတွေဆီကို စာပေးဖို့ပြီး တရားလို ၁၂ ယောက်က တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

တိုင်ကြားပြီး ၃ လအကြာ ဖေဖော်ဝါရီ ၁၈ ရက် ညမှာတော့ တိုင်ကြားမှုနဲ့ပတ်သက်တဲ့ စစ်ဆေး ဆုံးဖြတ်ချက်ကို တိုင်ကြားသူတွေဆီကို NUG က ပြန်ပို့ပေးခဲ့တာပါ။

NUG ပြန်ပို့ခဲ့တဲ့ အဲဒီစာထဲမှာတော့ စုံစမ်းစစ်ဆေးချက်အရ မကြည်ပြာအနေနဲ့ တရားစွဲဆိုအရေးယူဖို့ ပေါ်ပေါက်တာ မရှိတဲ့အပြင် ရာထူးကနေ ထုတ်ပယ်နိုင်လောက်တဲ့ အချက်အလက်တွေ မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒီအချိန်ဟာ စစ်အုပ်စုရဲ့ နည်းမျိုးစုံဖိနှိပ်မှုတွေကြောင့် ဝန်ထမ်းတွေဟာ ဒုက္ခမျိုးစုံခံစားနေရတဲ့ အပြင် စိတ်ဖိစီးမှုတွေလည်း ဖြစ်ပေါ်ခံစားနေရလို့ သူတို့အပေါ် ချိုသာစွာ ပြောဆို ဆက်ဆံခြင်းဖြင့် စိတ်ဖိစီးမှုပပျောက်အောင် ဆောင်ရွက်ပေးရမဲ့အချိန်ဖြစ်လို့ ဒေါ်ကြည်ပြာအနေနဲ့ နောက်နောင်မှာ ဝန်ထမ်းတွေအပေါ် ချိုသာစွာ ပြောဆိုဆက်ဆံဖို့ ပြင်းထန်စွာ သတိပေးလိုက်တယ်လို့ အကြောင်းကြားစာမှာ ပါရှိပါတယ်။

တိုင်ကြားသူတွေဘက်ကတော့ မကြည်ပြာဟာ သူ့ရဲ့ ရာထူးအာဏာကို အသုံးချပြီး ခင်ပွန်းဖြစ်သူကို ညွှန်ချုပ်ရာထူးနဲ့ တူ ၂ ယောက်ကို ရာထူးကြီးတွေ ပေးထားတာဟာ အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၃(က) အရ အဂတိလိုက်စားမှုမြောက်ပေမဲ့ NUG ဘက်ကတော့ အဂတိအမှုလို့ ယူဆပုံမပေါ်ဘူးလို့ ဆိုပါတယ်။

ကြည်ပြာ၏ အဂတိလိုက်စားမှုအား ဖော်ထုတ်သူများအဖွဲ့ အနေနဲ့ကတော့ NUG ရဲ့ အမြင့်ဆုံးသော တာဝန်ရှိသူတွေက ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကို ဘာမှမပြောင်းလဲနိုင်တော့တဲ့အတွက် ပြည်သူ့တရားစီရင်ရေးနည်းလမ်းနဲ့ပဲ ဒီအမှုကို ဆက်သွားတော့မယ်လို့ ပြောပါတယ်။

ကြည်ပြာ၏အဂတိလိုက်စားမှုအား ဖော်ထုတ်သူများအဖွဲ့က “NUG ရဲ့ အစိုးရအဖွဲ့မှာပါတဲ့ အမြင့်ဆုံးသောသူတွေက ပါဝင်ပြီး လုပ်ထားတဲ့ ဆုံးဖြတ်ချက်ကြီး ဖြစ်သွားပြီဆိုတော့ ဒါ အဖွဲ့အစည်းရဲ့ သဘောထား၊ အဖွဲ့အစည်းရဲ့ မူပုံစံကို ပြပြီးသွားပြီလို့ ယူဆတယ်။ အဲဒီတော့ ဒီအဖွဲ့အစည်းထဲမှာ ဒီအဖွဲ့အစည်းကို ယုံကြည်ပြီးတော့ ဥပဒေဘောင်ထဲမှာ ဆက်ပြီးတော့ တရားမျှတမှု တောင်းနေလို့ ဘာမှထူးမှာမဟုတ်ဘူး။ ကျနော်တို့ ငပေါဖြစ်သွားတော့မှာပေါ့။ အဲဒီတော့ ကျနော်တို့ကတော့ ပြည်သူက ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်မဲ့ တရားစီရင်ရေးပဲ သွားရမဲ့သဘော ဖြစ်သွားတာပေါ့” လို့ ပြောပါတယ်။

တိုင်ကြားသူတွေဘက်က ဒေါ်ကြည်ပြာနဲ့ သူ့ရဲ့ခင်ပွန်းတို့ကို စီမံခန့်ခွဲမှုညံ့တာ၊ ရုံးမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာ စတာတွေနဲ့ပါ တိုင်ကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ NUG ဘက်ကတော့ ကနဦးတိုင်ကြားချက်ထဲမှာ တခြားအမှုတွေသာ ပါဝင်ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု မပါရှိဘူးလို့ ဆိုပါတယ်။

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ကနဦးတိုင်ထားတဲ့အထဲမှာတော့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဆိုတာ မပါဘူးလို့ ကျနော် သိထားရပါတယ်။ ကျန်တဲ့ စစ်ဆေးခဲ့တဲ့ ကိစ္စတွေကတော့ ဘာတွေစစ်ဆေးခဲ့တယ်၊ ဘယ်လိုတွေ့ရှိခဲ့တယ် ဆိုတာတော့ ကျနော်တို့လည်း အတိအကျ မသိရပါဘူး။ ဝန်ကြီးချုပ်ကြီး ပေးပို့တဲ့ စာထဲကအတိုင်း အဲဒီလောက်ပဲ သိထားတာပါ” လို့ ပြောပါတယ်။

မကြည်ပြာအမှုကိစ္စနဲ့ ပတ်သက်ပြီး NUG အစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ တိုင်ကြားသူ ၁ ၂ ယောက်၊ သက်သေ ၅ ယောက်တို့ကို မေးမြန်းစစ်ဆေးခဲ့ပြီး အမှုကို တလအတွင်း အပြီးသတ် ဆောင်ရွက်မယ်လို့ ပြောဆိုခဲ့ပေမဲ့ ၃ လပြည့်မှ အမှုကို အဆုံးအဖြတ်ပေးတဲ့စာကို ပေးပို့ခဲ့တာပါ။

NUG ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တရားမျှတမှု မရှိတဲ့အတွက် NUG လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေနဲ့ မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကတော့ ဒီအမှုနဲ့ပတ်သက်ပြီး တရားမျှတမှု မရမချင်း သူတို့တာဝန်တွေကနေ ယာယီရပ်နားမယ်လို့ လူမှုကွန်ရက်မှာ ရေးသားနေတာတွေကိုလည်း တွေ့ရပါတယ်။

တိုင်ကြားသူ ၁၂ ယောက်ထဲက ဝန်ထမ်း ၄ ယောက်ကလည်း တာဝန်ကနေ ယာယီရပ်ဆိုင်းခံထားရပြီး အဲဒီလူတွေအနေနဲ့ကတော့ NUG ကို အယုံအကြည်မှုမရှိတော့သလို လိုအပ်တဲ့ မျှတမှုကို ဖော်ဆောင်နိုင်မဲ့လူတွေ ဦးဆောင်တဲ့အဖွဲ့အစည်း မဟုတ်တဲ့အတွက် NUG ကနေ နုတ်ထွက်တော့မယ်လို့ DVB ကို ပြောပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013