
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့သူ့အမျိုးသားရဲ့ အမှုမှာ မိသားစုဝင်တွေကို ခန့်အပ်ထားတာကြောင့် ဆွေမျိုးသားချင်းကောင်းစားရေး ပုံစံပေါက်တဲ့အတွက် ဒေါ်ကြည်ပြာကို ပြင်းပြင်းထန်ထန် သတိပေးပြီး သူ့အမျိုးသားနဲ့ တူ ၂ ယောက်ကို တာဝန်က ရပ်စဲမယ်လို့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်၊ သုံးသပ်ချက်တွေကို ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ အွန်လိုင်းကနေ သတင်းစာရှင်းလင်းပွဲကျင်းပတာမှာ ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့တာဖြစ်ပါတယ်။
NUG ဝန်ကြီးချုပ်ရုံးမှာ ဒေါ်ကြည်ပြာက အမြဲတမ်းအတွင်းဝန် တာဝန်ယူထားပြီး အမျိုးသားဖြစ်သူ ဦးညီညီမင်းက ဘဏ္ဍာရေးမှူးနဲ့ တူဖြစ်သူတွေကလည်း ဝန်ထမ်းတွေအဖြစ် ရှိနေတာဖြစ်ပါတယ်။
ဒါအပြင် ရုံးတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ ပတ်သက်ပြီး တိုင်ကြားချက်အတွက် တိုင်ကြားခံရသူ ဦးညီညီမင်းဟာ ကိုယ်ထိလက်ရောက်ကျူးလွန်မှု မရှိပေမဲ့ NUG ချမှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုမှ ကာကွယ်ရေးမူဝါဒ (PSHEA ) ကို ဖောက်ဖျက်မှု ရှိတယ်လို့ စစ်ဆေးတွေ့ရှိတယ်လို့ ဆိုပါတယ်။
ဒီစစ်ဆေးတွေ့ရှိချက်တွေအရ NUG အနေနဲ့ ဒေါ်ကြည်ပြာနဲ့ ပတ်သက်ပြီး ဆက်ဆံရေး အားနည်းချက်နဲ့ မိသားစုဝင်တွေကို ခန့်အပ် ဆောင်ရွက်မှု အားနည်းချက်တွေအပေါ် ပြင်းထန်စွာ သတိပေးသွားမှာဖြစ်သလို ဦးညီညီမင်းကိုလည်း အစိုးရရဲ့ မူဝါဒနဲ့ ကျင့်ဝတ်တွေအပေါ် ဖောက်ဖျက်တဲ့အတွက် ပြင်းထန်စွာ သတိပေးသွားမယ်လို့ ဆိုပါတယ်။
ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးရဲ့ ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါက်တာဇော်ဝေစိုးက “ကျနော်တို့ စစ်ဆေးစဉ်ကနေ ယခုအချိန်ထိ ဒီအမှုအခင်းနဲ့ ပတ်သက်တဲ့သူတွေ အစိုးရအဖွဲ့ထဲမှာ ဆက်ပြီးအဲဒီနေရာမှာ စစ်ဆေးဖို့အတွက် ယာယီရပ်နားတယ်ဆိုတာ ထုတ်ထားတာတွေ့ရပါတယ်။ ယခုအထိလည်း ပြန်မခန့်ရသေးပါဘူး။ ယာယီရပ်နားထားဆဲဖြစ်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ အသိပေး ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပြည်တွင်း မီဒီယာတွေဆီ ပေါက်ကြားခဲ့တဲ့ သတိပေးစာဟာ ပထမအဆင့်ဖြစ်ပြီး ဆက်လက်ထွက်ရှိလာဦးမှာဖြစ်သလို NUG အစိုးရအနေနဲ့ အခုဖြစ်စဉ်အပေါ် သင်ခန်းစာယူပြီး သမာသမတ်ကျကျ ဆုံးဖြတ်ချက်ချကာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဒေါက်တာဇော်ဝေစိုးက ဆိုပါတယ်။
ဒီအမှုကိစ္စရပ်နဲ့ ပတ်သက်ပြီး NUG က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာတော့ လက်ရှိဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ဒေါက်တာဝင်းမြတ်အေး၊ ဒေါ်နော်စူစန်နာလှလှစိုးနဲ့ ဒေါ်ဂျာထွယ်ပန်တို့ ပါဝင်တာလည်း ဖြစ်ပါတယ်။
ဒေါ်ကြည်ပြာနဲ့ သူ့ရဲ့ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အာဏာအလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ လုပ်ငန်းခွင်အတွင်း မလျော်ဩဇာသုံးစွဲမှု စတာတွေနဲ့ ပတ်သတ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က အကြီးအကဲတွေဆီကို စာပေးဖို့ပြီး တရားလို ၁၂ ယောက်က တိုင်ကြားခဲ့တာဖြစ်ပါတယ်။
တိုင်ကြားပြီး ၃ လအကြာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညမှာတော့ တိုင်ကြားမှုနဲ့ပတ်သက်တဲ့ စစ်ဆေး ဆုံးဖြတ်ချက်ကို တိုင်ကြားသူတွေဆီကို NUG က ပြန်ပို့ပေးခဲ့ပြီးနောက် ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မကျေလည်တာကြောင့် ကြားကာလ တက္ကသိုလ်တွေ တက္ကသိုလ်ဝင်ခွင့် ခေါ်ယူမှု ရပ်ဆိုင်းတာခဲ့ပါတယ်။
CDM ကျန်းမာရေးကွန်ရက်ကလည်း တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ကြေညာချက်ထုတ်ပြန်ပေးဖို့နဲ့ ပွင့်လင်းမြင်သာတဲ့ ဆောင်ရွက်မှုတွေ မရှိမချင်း NUGနဲ့ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်ခဲ့သလို တယ်လီကျန်းမာကလည်း ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အချိန်မီ ဖြေရှင်းဆောင်ရွက်ပေးဖို့ တောင်းဆိုချက်တွေ ထွက်ရှိလာပြီးနောက် NUG အနေနဲ့ အခုလို သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
တိုင်ကြားထားတဲ့ အာဏာလွဲသုံးစားမှု၊ Nepotism နဲ့ Sexual Harassment ဆိုင်ရာ စွပ်စွဲချက်တွေကို စစ်ဆေးရေးအဖွဲ့တရပ် ဖွဲ့စည်းစစ်ဆေးခဲ့ပြီး တိုင်ကြားသူတွေရဲ့ စွပ်စွဲချက်တွေဖြစ်တဲ့လူ့အခွင့်အရေးနဲ့ ဝန်ထမ်းတွေအပေါ် ခွဲခြားဆက်ဆံတာနဲ့ ဝန်ထမ်းအခွင့်အရေး ချိုးဖောက်တာ၊ အလွဲသုံးစားပြုလုပ်မှု၊ ဝန်ထမ်းတွေအပေါ်နဲ့ တော်လှန်ရေးအစိုးရအတွင်း မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်ဆောင်ရွက်တာနဲ့ စွပ်စွဲချက်အသစ်ဖြစ်တဲ့ ရုံးတွင်း sexual harassment ပြုလုပ်တာတို့ကို ပြင်ပပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ သဘောထားမှတ်ချက်တွေ ရယူပြီး စစ်ဆေးခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ဒေါ်ဂျာထွယ်ပန်က တင်ပြခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရာမှာ အဓိကတွေ့ရှိချက်တွေကတော့ လူ့အခွင့်အရေးနဲ့ ဝန်ထမ်းတွေအပေါ် ခွဲခြားဆက်ဆံတာနဲ့ ဝန်ထမ်းအခွင့်အရေး ချိုးဖောက်တာဆိုတဲ့ စွပ်စွဲချက်မှာ ပြောဆိုဆက်ဆံရေးပိုင်းမှာ ရိုင်းပျမှုတွေသာရှိခဲ့ပြီး CDM ဝန်ထမ်းတွေအပေါ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တဲ့ ခိုင်လုံတဲ့ သက်သေ၊ အထောက်တွေကို မတွေ့ရှိသလို ဝန်ထမ်းအခွင့်အရေးချိုးဖောက်တာနဲ့ ပတ်သက်ပြီးလည်း အလုပ်ချိန်ပြင်ပ အလုပ်တာဝန်ပေးတာတွေ ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပေမဲ့ လက်ရှိ တော်လှန်ရေးကာလမှာ လုပ်ငန်းလိုအပ်ချက်အရ အလုပ်သမားအခွင့်အရေးတွေကို အတိအကျ သတ်မှတ်လိုက်နာဖို့ ခက်ခဲတာကြောင့် ချိုးဖောက်တယ်လို့ သတ်မှတ်ဖို့ မသင့်ဘူးလို့ ဆိုပါတယ်။
အလွဲသုံးစားပြုလုပ်မှုနဲ့ ဆွေးမျိုးကောင်းစားရေး (Nepotism) နဲ့ ပတ်သက်တဲ့ စွပ်စွဲချက်မှာတော့ တချို့သော ရာထူးခန့်ထားမှုတွေမှာ ဆွေမျိုးသားချင်းတွေ ပါဝင်နေပေမဲ့ တော်လှန်ရေးကာလ လုံခြုံရေးနဲ့ ယုံကြည်မှုအရ ဆောင်ရွက်ခဲ့တာဖြစ်ပေမဲ့ နိုင်ငံတကာက ကျင့်သုံးတဲ့ အကျိုးစီးပွားပဋိပက္ခနဲ့ ဆွေမျိုးကောင်းစားရေး သဘောတရားများ၊ မူဝါဒများနဲ့ ငြိစွန်းမှုရှိတယ်လို့ ဆိုပါတယ်။
အဂတိလိုက်စားမှုနဲ့ ငွေကြေးအလွဲသုံးစားမှုမှာတော့ နှုတ်နဲ့ စွပ်စွဲမှုသာရှိပြီး ခိုင်လုံတဲ့ သက်သေအထောက်အထား တင်ပြနိုင်တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပြင်ပ စာရင်းစစ်နဲ့ NUG စာရင်းစစ်ချုပ်ရုံးရဲ့ သဘောထားမှတ်ချက်နဲ့ အကြံပြုချက်တွေအရလည်း ငွေကြေးအလွဲသုံးစား ပြုလုပ်တာနဲ့ အဂတိလိုက်စားတဲ့ ခိုင်လုံတဲ့ အချက်တွေ မတွေ့ရှိဘူးလို့လည်း ဆိုပါတယ်။
ဝန်ထမ်းတွေအပေါ်နဲ့ တော်လှန်ရေးအစိုးရအတွင်း မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်ဆောင်ရွက်နေတဲ့ စွပ်စွဲချက်အတွက်လည်း ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိဘူးလို့ဆိုပါတယ်။


