
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ တာဝန်ကနေ နုတ်ထွက်သွားပေမဲ့ ဝေဖန်တာတွေ ရှိနေဆဲဖြစ်ပါတယ်။
ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်၊ သုံးသပ်ချက်တွေကို ဖေဖော်ဝါရီ ၂၁ ရက်က သတင်းစာရှင်းလင်းပွဲတရပ်နဲ့ ရှင်းလင်းထုတ်ပြန်ပြီးနောက် ဒေါ်ကြည်ပြာက နုတ်ထွက်စာတင်ခဲ့ပါတယ်။
ဒေါ်ကြည်ပြာနဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အာဏာအလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ လုပ်ငန်းခွင်အတွင်း မလျော်ဩဇာသုံးစွဲမှု စတာတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်က အကြီးအကဲတွေဆီကို တရားလို ၁၂ ယောက်က စာပေးပို့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
တိုင်ကြားမှုနဲ့ပတ်သက်ပြီး ၃ လ အကြာမှာ ထွက်ပေါ်လာတဲ့ NUG ရဲ့ စစ်ဆေးဆုံးဖြတ်ချက်ကို မကျေလည်တာကြောင့် ကြားကာလတက္ကသိုလ်တွေ တက္ကသိုလ်ဝင်ခွင့် ခေါ်ယူမှုရပ်ဆိုင်းတာ၊ CDM ကျန်းမာရေးကွန်ရက်နဲ့ တယ်လီကျန်းမာတို့က ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အချိန်မီ ဖြေရှင်းဆောင်ရွက်ပေးဖို့ တောင်းဆိုချက်တွေ ထွက်ရှိလာခဲ့ပါတယ်။
အဲဒီနောက် NUG အနေနဲ့ စုံခုံအဖွဲ့ရဲ့ စုံစမ်းစစ်ဆေး တွေ့ရှိချက်တွေကို သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာတော့ စုံခုံအဖွဲ့ တာဝန်ရှိသူတွေက ဒေါ်ကြည်ပြာဟာ သူ့အမျိုးသား ဦးညီညီမင်း အပါအဝင် တူတော်စပ်သူ ၂ ယောက်ကို ဝန်ကြီးချုပ်ရုံးမှာ ရာထူးခန့်အပ်ထားတာ မှန်ကန်ကြောင်းနဲ့ ဦးညီညီမင်းရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ပေါ်လွင်ကြောင်း တင်ပြခဲ့ပါတယ်။
ဒါ့အပြင် ဆွေမျိုးကောင်းစားရေးနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်အတွက် ငြိစွန်းနေတာကို တွေ့ရတာကြောင့် ဦးညီညီမင်းနဲ့ တူဖြစ်သူ ၂ ဦးကို ရာထူးကနေ ထုတ်ပယ်မယ်လို့လည်း ဆိုပါတယ်။
အဂတိလိုက်စားမှုနဲ့ ငွေကြေးအလွဲသုံးစားမှု ကျူးလွန်ကြောင်း စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တိုင်ကြားသူတွေအနေနဲ့ နှုတ်နဲ့ စွပ်စွဲမှုသာရှိပြီး ခိုင်လုံတဲ့ သက်သေအထောက်အထား တင်ပြနိုင်ခြင်း မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
ကားဝယ်တာ၊ ခွေးမွေးတာ၊ လက်ဝတ်ရတနာဝယ်ယူတာတွေဟာ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ငွေတွေကို အလွဲသုံးစားပြုလုပ်ပြီး ဝယ်ယူခဲ့တာ မဟုတ်ကြောင်းလည်း တင်ပြထားပါတယ်။
ဒေါ်ကြည်ပြာရဲ့ အမျိုးသားဖြစ်သူ ဦးညီညီမင်းဟာ ကိုယ်ပိုင်ဝင်ငွေရှိပြီး သူတို့ရဲ့ ကိုယ်ပိုင်ငွေနဲ့ သုံးစွဲခဲ့တာလို့လည်း စုံခုံ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ပညာရေးဝန်ကြီး ဂျာထွယ်ပန်က တင်ပြခဲ့ပါတယ်။
တော်လှန်ရေးကာလအတွင်း လူထုအများအပြား အသက်ဆုံးရှုံးမှုနဲ့ အခက်အခဲတွေ ကြုံနေရချိန်မှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ရာထူးယူထားတဲ့ ဒေါ်ကြည်ပြာရဲ့ ဒီလိုမျိုး သုံးစွဲတဲ့ပုံရိပ်ဟာ လူထုယုံကြည်မှုကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက “အပြောအဆို အနေအထိုင်နဲ့ ပတ်သက်ပြီး ဒါကြောင့်လည်း ပြင်းထန်စွာ သတိပေးတယ်၊ အသိပေးတယ်ဆိုတဲ့ဟာ ပါတာပေါ့နော်။ ကျနော်တို့ နားလည်တယ်။ အားလုံးသိတဲ့အတိုင်းပဲ ဒီအချိန်မှာ ရှေ့တန်းမှာရှိနေတဲ့ ကျနော်တို့ ရဲဘော်တွေဟာ၊ CDM တွေရော အပါအဝင်ပေါ့နော်၊ ချို့ချို့ငဲ့ငဲ့နဲ့ တော်လှန်ရေးကို လုပ်နေရတဲ့အချိန်မှာ အားလုံးလည်းသိပြီးသား၊ ဟိုအရင်ကဆိုရင် ကျနော်တို့ဆိုရင် ထမင်းစားတဲ့ဟာကို ဓာတ်ပုံ မရိုက်ခိုင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရဲဘော်တွေကို အားနာလို့ပေါ့နော်။ ဒါကြောင့် ကျနော်တို့က ပြင်းထန်စွာ အသိပေးတယ်။ သတိပေးတယ်ဆိုတဲ့ အထဲမှာ ဒါတွေပါမှာ ဖြစ်ပါတယ်။ အနေအထိုင် အပြောဆိုကအစ ဒီနေ့ တော်လှန်ရေးဟာ အားလုံးပါဝင်နေတဲ့ တော်လှန်ရေးဟာ ဆင်ခြင်ကြရမှာ ဖြစ်တယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
NUG ဝန်ကြီးချုပ်ရုံးရဲ့ မူဝါဒရေးရာအကြံပေးအဖွဲ့ (Policy Unit) ဝန်ထမ်းတွေလစာရဲ့ ၁၅ ရာခိုင်နှုန်းကို မြေပြင်တော်လှန်ရေးအတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေါ်ကြည်ပြာကနေတဆင့် ဝန်ကြီးချုပ်ရုံးကို ပေးအပ်ဖို့ ဝန်ထမ်းအားလုံး သဘောတူညီချက်နဲ့ လစဉ်ပေးအပ်နေခဲ့ပြီး စုစုပေါင်း ပျမ်းမျှ ဒေါ်လာ ၈၀,၀၀၀ ရှိတယ်လို့ NUG ပညာရေးဝန်ကြီး ဂျာထွယ်ပန်က CJ Platform သတင်းဌာနရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။
ဒေါ်ကြည်ပြာ လက်ခံရရှိထားတဲ့ ငွေကြေးတွေကို လက်ရှိအချိန်အထိ ဘယ်အဖွဲ့အစည်းကိုမှ ပေးပို့ထားတာ မရှိသေးပေမဲ့ အတွင်းဝန်ရုံးရဲ့ ပုံမှန်ငွေစာရင်းတွေကို စာရင်းစစ်အဖွဲ့က စစ်ဆေးထားပြီး စာရင်းကိုက်ညီတယ်လို့လည်း ဆိုပါတယ်။
NUG အစိုးရဝန်ကြီးဌာနမှာ ညွှန်ကြားရေးမှူးအဆင့် ရာထူးခန့်အပ်တဲ့အခါ နောက်ဆုံး ဆုံးဖြတ် လက်မှတ်ထိုး ခန့်အပ်တာက ဘယ်သူပါလဲ၊ အတွင်းဝန်ရုံးအရာရှိက မိသားစုဝင်ကို ခန့်အပ်တဲ့ကိစ္စ ဘယ်သူတာဝန်ရှိလဲဆိုတဲ့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုတော့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့တာ မရှိခဲ့ပါဘူး။
ဒီသတင်းစာရှင်းလင်းပွဲ အပြီးမှာတော့ အရေးယူတာတွေ ဆက်လုပ်မယ်လို့ ပြောဆိုခဲ့ပေမဲ့ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေကြား ကျေနပ်လောက်တဲ့ အဖြေရလဒ် မထွက်ခဲ့တာကြောင့် ဝေဖန်သံတွေ များစွာ ထွက်ပေါ်ခဲ့ပါတယ်။
ဒေါ်ကြည်ပြာရဲ့ အဂတိလိုက်စားမှုအား ဖော်ထုတ်သူများအဖွဲ့ကတော့ ဒေါ်ကြည်ပြာ နုတ်ထွက်သွားပေမဲ့ အဂတိမရှိဘူးဆိုတဲ့ ရှင်းလင်းမှုတွေ မထွက်ပေါ်လာသေးဘူးလို့ တုံ့ပြန်ထားပါတယ်။
“ငွေကြေးနဲ့ စာရင်းစစ်ဆေးမှုမှာဆိုရင်လည်း bank statement တွေကို လွတ်လပ်စွာ စစ်ဆေးခဲ့ခြင်း ရှိ၊ မရှိဆိုတာကိုလည်း မရှင်းလင်းပါဘူး။ ပြီးတော့ ကျနော်တို့ PU ဝန်ထမ်းတွေရဲ့ ထည့်ဝင်ငွေဆိုတာ ဝန်ကြီးချုပ်ရုံးမှာရှိတဲ့ တခြားဝန်ထမ်းတွေ သက်သာချောင်ချိရေးအတွက်၊ ပြီးတော့ မြေပြင်မှာ လိုအပ်ချက်တွေသုံးဖို့အတွက် ဆိုပေမဲ့ ဘာဖြစ်လို့ မနေ့က ဖြေကြားချက်တွေကို ကြည့်လိုက်မယ်ဆိုရင် လက်ထဲမှာ ငွေတွေရှိနေသေးတယ်၊ မသုံးရသေးဘူး ဆိုတာက ဒီလိုလုပ်ဖို့ အပ်ထားတဲ့ငွေကို မသုံးဘူး ဆိုတာကြီးက တော်တော်လေးတော့ အဂတိမရှိဘူးလို့ ဘယ်လို ဆုံးဖြတ်လိုက်လဲတော့ မသိဘူးပေါ့နော်။ နောက်ပြီးတော့ ဒေါ်ကြည်ပြာ နုတ်ထွက်သွားတာနဲ့ပတ်သက်ပြီး လိုင်းပေါ်မှာတွေ့ရတဲ့ စာအတိုင်းဆိုရင်တော့ ကျန်းမာရေးမကောင်းလို့ နုတ်ထွက်သွားတာပေါ့နော်၊ ဒီကိစ္စတွေမှာ အပြစ်မရှိဘူးဆိုတာ ပေါ်ပေါက်တယ်ဆိုပြီး ရေးပြီးတော့ နုတ်ထွက်သွားတာပေါ့နော်။ ဒါပေမဲ့ မနေ့က သတင်းစာရှင်းလင်းပွဲကို ကြည့်လိုက်မယ်ဆိုရင်တော့ ပြည်သူလူထုတရပ်လုံးက ဆင်ခြင်တုံတရား ရှိတဲ့သူတွေပါပဲ၊ ဆိုတော့ ဒေါ်ကြည်ပြာ အပြစ်ရှိ၊ မရှိဆိုတာကို သိကြမှာပါ။”
ဖေဖော်ဝါရီ ၂၁ ရက်စွဲနဲ့ ဒေါ်ကြည်ပြာ ရာထူးကနေ နုတ်ထွက်တယ်ဆိုတဲ့ စာတစောင် ထွက်ပေါ်လာခဲ့ပြီး လတ်တလောမှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူရမဲ့ အခြေအနေကြောင့် နုတ်ထွက်တာလို့ ဖော်ပြထားပါတယ်။
မြတ်သဇင်


