Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ရှား‌စောင်းလက်ပတ်ပင် ဆေးဖက်ဝင် 
DVB
·
March 11, 2026

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ရှား‌စောင်းလက်ပတ်ပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာကနေ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ 

ရှား‌စောင်းလက်ပတ်ပင်ကို သိပ္ပံလို Aloe Vera Chinensis, Aloe barbadensis Mill., Aloe indica, Aloe chinensis လို့ခေါ်ပြီး အင်္ဂလိပ်လို aloe vera လို့ ခေါ်ကြပါတယ်။

ရှား‌စောင်းလက်ပတ်ပင်မှာ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ဗီတာမင်(A,C,B12,E) စတဲ့သတ္တုဓာတ်များနဲ့ Emodin, aloctin A(Glycoprotein), Aloenin (bitter Glucoside), barbaloin, Chrysophanol Glycoside; Galactose, Mannose, Aldopentose, Aloesin, Aloeesone, b-sitosterol, Alocutin A & B စတဲ့ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ဝမ်းပျော့စေခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ အစာခြေအားကောင်းခြင်း၊ ဗိုင်းရပ်စ်နဲ့ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ ကပ်ပါးပိုးဆန့်ကျင်ခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ သွေးကိုသန့်စင်စေခြင်း၊ ဆီးရွှင်စေခြင်း၊ ရာသီစက်ဝန်းကို ထိန်းညှိပေးခြင်း၊ အနာကျက်စေခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးခြင်း၊ သွေးတွင်းအဆီကို လျော့ချပေးခြင်း၊ နှလုံးကျန်းမာရေးကို စောင့်ရှောက်ပေးခြင်း၊ သွေးကျဲဆေးအာနိသင်ရှိခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဖက်ဆိုင်ရာမှာ ရှား‌စောင်းလက်ပတ်ပင်ရဲ့ အရွက်၊ အစေး၊ ပျော့ဖတ်တို့ကို သုံးစွဲကြပါတယ်။ မီးလောင်ဒဏ်ရာများ၊ အနာများ၊ ဝက်ခြံများ၊ အရေပြားကို အေးမြစေပြီး ရေဓာတ်ကို ဖြည့်တင်းပေးကာ နေလောင်ခြင်း၊ မီးလောင်ဒဏ်ရာအသေးစားများ၊ အရေပြားအဖတ်လန်ခြင်း၊ ယားယံခြင်းများ၊ အရည်ကြည်ဖုများနဲ့ ဓာတ်မတည့်သော အရေပြားရောဂါများအတွက် ရှားစောင်းလက်ပတ်ပျော့ဖတ်ကို လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။ ဒဏ်ရာများ၊ ခြစ်ရာများကို အရှိန်မြှင့်ပေးပြီး ဓာတ်ရောင်ခြည်ကြောင့် ပျက်စီးခြင်းမှ ကာကွယ်ပေးနိုငင်တဲ့ အာနိသင်များ ရှိပါတယ်။

နှင်းခူနဲ့ အိုင်းအသားမာနာ စတဲ့ အရေပြားအခြေအနေများအတွက် ရှားစောင်းလက်ပတ်ပျော့ဖတ်ကို နနွင်းမှုန့်နဲ့ ရောနယ်ပြီး  ၁ မိနစ်ခန့် အပူပေးကာ ပြင်ပလိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ရှားစောင်းလက်ပတ်ပျော့ဖတ်ကို ပါးစပ်အနာမှာ  တနေ့ ၂-၃  ကြိမ် လိမ်းပေးနိုင်ပါတယ်။

ပါးစပ်အဖုပေါက်ခြင်း/အနာပေါက်ခြင်းများမှာ ရှားစောင်းလက်ပတ်ပျော့ဖတ်ကို နှမ်းဆီ/သံလွင်ဆီ ဖြင့် ရောစပ်ပြီး လိမ်းပေးခြင်း ပြုလုပ်ပေးနိုင်ပါတယ်။

ခံတွင်းအနံမကောင်းခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ သွားဖုံးရောင်ခြင်းများမှာ ရှားစောင်းလက်ပတ်ပျော့ဖတ်ကို တနေ့ ၂-၃ ကြိမ် ငုံဆေးအဖြစ် မိနစ်အနည်းငယ် အသုံးပြုပေးခြင်းဖြင့် သက်သာစေပါတယ်။

ခံတွင်းခြောက်ခြင်းအတွက် ရှားစောင်းလက်ပတ်ဖျော်ရည် ၁ ခွက်ကို နေ့စဉ်သောက်ပေးခြင်းဖြင့်  သက်သာစေပါတယ်။။ ခံတွင်းအတွင်းရှိ ထိခိုက်လွယ်တဲ့ တစ်ရှူးများကို ကာကွယ်ပေးပြီး အရသာခံအားကို ကောင်းစေပါတယ်။

ရှားစောင်းလက်ပတ်အစေးမှာ ဝမ်းနုတ်ဆေး ပါ၀င်တာကြောင့် အူလမ်းကြောင်းရေကို တိုးစေပြီး ဝမ်းသွားခြင်းကို ကူညီပေးကာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

မျက်လုံးနီမြန်းခြင်း ခံစားရပါက သန့်စင်ထားတဲ့ကျောက်ချဉ်မှုန့် ၂ ဂရမ် နဲ့ ရှားစောင်းလက်ပတ် ပျော့ဖတ် ၂၀ ဂရမ်တို့ကို ရောစပ်ပြီး အဝတ်သန့်သန့်ဖြင့် ထုပ်ကာ  မျက်လုံးပေါ်မှာ ကပ်ထားပေးပြီး နောက်နေ့မနက် ဖယ်ပေးပါ။ မျက်လုံးနီရဲခြင်း၊ ပူလောင်တဲ့ ခံစားမှုများကို သက်သာစေပြီး မျက်လုံးများ ကြည်လင်လာကာ အမြင်အာရုံ အားကောင်းစေပါတယ်။

ကိုယ်အလေးချိန်လျော့ချလိုသူများ ရှားစောင်းလက်ပတ် ပျော့ဖတ် ကော်ဖီဇွန်းဝက်ကို အနည်းငယ် အပူပေးပြီး ပျားရည် ကော်ဖီဇွန်း ၁ ဇွန်းထည့်ကာ ညအိပ်ချိန်သောက်ပါ။ ရှားစောင်းလက်ပတ် ကော်ဖီဇွန်းဝက်ကို အနည်းငယ် အပူပေးပြီး တြိဖလ အမှုန့် ကော်ဖီဇွန်း ၁ ဇွန်းထည့်ကာ ပျားရည် ကော်ဖီဇွန်း ဝက်နဲ့ ရောနယ်ပြီး  ညစာစားပြီး ရေတခွက်နဲ့ သောက်ပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ ဓာတ်တွေက ပန်ကရိယမှာရှိတဲ့ အင်ဆူလင်ထုတ်လုပ်တဲ့ ဆဲလ်ပျက်စီးခြင်းကို ပြန်လည်ပြုပြင်ပေးပြီး အင်ဆူလင်ကို ပိုမိုကောင်းမွန်စွာတုံ့ပြန်နိုင်စေခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးတာကြောင့် ဆီးချိုရောဂါဝေဒနာရှင်များ သွေးတွင်းသကြားဓာတ်ပမာဏ အနိမ့်အမြင့်ပေါ်မူတည်ပြီး ရှားစောင်းလက်ပတ်အမှုန့် ကော်ဖီ ၁ ဇွန်းကို ရေနွေးနဲ့ တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်ဟာ အစာပြွန်အတွင်း ရောင်ရမ်းမှုကို လျှော့ချပေးပြီး အစာအိမ်အက်ဆစ်ကို လျှော့ချပေးတဲ့ အာနိသင်ရှိတာကြောင့် လေချဉ်တက်ခြင်း၊ ရင်ပူခြင်းများမှာ ရှားစောင်းလက်ပတ် ဖျော်ရည်တခွက်ကို ပျားရည်ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၁-၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် သက်သာစေပါတယ်။ အူလမ်းကြောင်းရောင်တင်းခြင်း၊ ဝမ်းချုပ်ခြင်း၊ လေပွခြင်းကိုလည်း သက်သာစေပြီး ဆီးအိမ်နဲ့ ဝမ်းတွေ မရှင်းခင် မနက်စောစော နာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။

ဆီးနီ၊ ဆီးနည်း၊ ဆီးအောင့်၊ ဆီးကျင်ခြင်းများမှာ ရှားစောင်းလက်ပတ်ပျော့ဖတ် ဟင်းစားဇွန်း ၁ ဇွန်းကို သံပုရာရည် ဟင်းစားဇွန်း ၁ ဇွန်းနဲ့ ဖျော်ရည်လုပ်ပြီး တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဦးရေပြားခြောက်သွေ့ခြင်း၊ ဆံပင်ပျက်စီးခြင်း၊ ဗောက်ထခြင်းများမှာ ရှားစောင်းလက်ပတ်ပျော့ဖတ်ကို အုန်းဆီနဲ့ နယ်ပြီး ဦးရေပြားမှာ လိမ်းပေးခြင်းဖြင့် သိသိသာသာ သက်သာစေပါတယ်။

ရှားစောင်းလက်ပတ် ၅၀ ကျပ်သားကို ပါးပါးလှီးကာ ထန်းလျက် ၂၀ ကျပ်သား၊ ပျားရည် အသင့်အတင့်၊ နှမ်း ၅ ကျပ်သား၊ စမုံမျိုးငါးပါး ၁ ကျပ်သား တို့ကို ယိုထိုးပြီး အအေးခံကာ လေလုံတဲ့ဇူးမှာ သိမ်းဆည်းထားပြီးနောက် တနေ့ ၁-၂ ကြိမ် သောက်သုံးပေးခြင့် အမျိုးသမီးများမှာ သွေးသားကို ညီညွတ်မျှတစေပြီး ဓမ္မတာလာစဉ် ကိုက်ခဲနာကျင်ခြင်းများကို ပျောက်ကင်းစေခြင်း၊ ပြင်းထန်တဲ့ သွေးဆုံးဝေဒနာများကို လျော့ချပေးတဲ့အပြင်  အသားအရည်ကို ကြည်လင်ဝင်းပစေကာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို လျော့ပါးစေပါတယ်။

ရှားစောင်းလက်ပတ် ဖျော်ရည်တခွက်ကို ပုံမှန်သောက်သုံးပေးခြင်းက သွေးတွင်းမကောင်းတဲ့ အဆီကို လျော့နည်းစေပြီး သွေးတိုးခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာ ဖြစ်နိုင်ခြေကို လျော့နည်းစေကာ သွေးဖြူဥထုတ်လုပ်မှုကို မြှင့်တင်ပေးခြင်းနဲ့ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးပါတယ်။

ရှားစောင်းလက်ပတ်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ ရှားစောင်းလက်ပတ်မှာ ဝမ်းပျော့ဆေးအာနိသင် ပါဝင်တာကြောင့် အလွန်အကျွံသောက်ခြင်းကြောင့် ဝမ်းလျှောခြင်း၊ ဝမ်းပျက်ခြင်း၊ စအိုလမ်းကြောင်းမှ သွေးယိုခြင်းကို ဖြစ်စေနိုင်ပါတယ်။ 

ရှားစောင်းလက်ပတ်အစေးကို အလွန်အကျွံသောက်ခြင်းက ဗိုက်နာခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနဲ့ လျှပ်စစ်ဓာတ်မညီမျှခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ 

ရှားစောင်းလက်ပတ်နဲ့ ဓာတ်မတည့်သူများ ရှားစောင်းလက်ပတ်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ၊ ကလေးများ ရှားစောင်းလက်ပတ်ကို သောက်သုံးခြင်း မပြုသင့်ပါ။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013