
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် မြတ်လေးပန်းပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖောပြသွားမှာ ဖြစ်ပါတယ်။
မြတ်လေးပန်းပင်ကို သိပ္ပံလို Jasminum grandiflorum လို့ခေါပြီး အင်္ဂလိပ်လို Spanish , Common Jasmine လို့ခေါ်ကြပါတယ်။
အပင်အရွက်မှာ ascorbic acid၊ anthranilic acid, glucoside၊ indole oxygenase၊ alkaloid jasminine salicylic acid, ပန်းပွင့်မှာ pyridine,nicotinate နဲ့ အပင်မှထုတ်ယူတဲ့ဆီမှာ benzyl acetate, benzyl benzoate, phytol, methyl jasmonate, linalool, geranyl linalool နဲ့ isophytol စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ စိတ်ငြိမ်စေတဲ့အာနိသင်ရှိခြင်း၊ ပိုးသတ်ဆေး /မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း၊ သွေးကြောကျန်းမာရေးကို ထောက်ပံ့ပေးခြင်း၊ အသားအရေပြန်လည်နုပျိုခြင်းနဲ့ အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင်ခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဖက်ဆိုင်ရာမှာ မြတ်လေးပန်းပင်ရဲ့ အရွက်၊ အပွင့်၊ အမြစ်တို့ကို သုံးစွဲကြပါတယ်။ အရွက် ပြုတ်ရည် ကျကျကို ရေစီးကမ်းပြိုနဲ့ ခံတွင်းအနာများမှာ မကြာမကြာ ငုံပေးနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းအတွက် မြတ်လေးပန်းပင် အမြစ်ကို နဖူးပေါ်မှာ လိမ်းပေးခြင်းဖြင့် သက်သာမှု ရစေပါတယ်။
အမြစ်မှထုတ်ထားတဲ့အဆီကို ကိုက်ခဲနာကျင်ခြင်း၊ အကြောတက်ခြင်း၊ လေငန်းရောဂါနဲ့ အာရုံကောအားနည်းခြင်းတွေမှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
မူးဝေခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေမှာ အပင်ရဲ့ အမြစ်နဲ့ အပွင့်တွေကနေ ပြင်ဆင်ထားတဲ့ ဆီကို ဦးရေပြားပေါ်မှာ လိမ်းပေးနိုင်ပါတယ်။ မြတ်လေးပန်းပင်ရဲ့ အမြစ်ကို မျက်နှာမှာ လိမ်းပေးခြင်းက မျက်နှာအသားအရေကို ကြည်လင်ဝင်းပစေပါတယ်။
သွားပိုးစားခြင်း၊ ခံတွင်းအနာနဲ့ သွားဖုံးအားနည်းခြင်းတို့ကြောင့် နာကျင်ကိုက်ခဲမှုတွေမှာ လတ်လတ်ဆတ်ဆတ်အရွက်နုကို ဝါးပေးခြင်းဖြင့် သက်သာစေပါတယ်။
နားကိုက်ခြင်းနဲ့ နားအတွင်းကနေ ပြည်တည်ခြင်းတွေအတွက် မြတ်လေးပန်းပင်အရွက်မှ ပြုလုပ်ထားတဲ့ ဆီအနည်းငယ်ကို နားအတွင်းအစက်ချပေးခြင်းဖြင့် သက်သာစေပါတယ်။
အရွက်၊ အမြစ်နဲ့ အပွင့်တို့ကို ဝဲယားနာနဲ့ အရေပြားယားယံခြင်းစတဲ့ အရေပြားရောဂါတွေမှာ လိမ်းပေးနိုင်ပါတယ်။
မြတ်လေးပန်းပင်အရွက်မှ ပြုလုပ်ထားတဲ့ ဆီကို ဒဏ်ရာ/အနာတွေမှာ လိမ်းပေးခြင်းဖြင့် အနာကျက် မြန်စေပါတယ်။
အမျိုးသမီးတွေ မြတ်လေးပန်းပင်အမြစ်သွေးရည်ကို ချက်အောက်ပိုင်းဆီးအိမ်နေရာအနှံ့ လိမ်းပေးခြင်းဖြင့် သားအိမ်ရောင်ရမ်းမှုနဲ့ မီးယပ်ချုပ်ခြင်း၊ မီးယပ်လာစဉ်ကိုက်ခဲနာကျင်ခြင်းတွေ ကို သက်သာရစေပါတယ်။
အမျိုးသားတွေ လိင်အင်္ဂါအားနည်းခြင်းအတွက် အမြစ်သွေးရည်ကို လိင်တံပေါ်မှာ လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။
ဖျားနာခြင်းတွေအတွက် မြတ်လေးပန်းပွင့်ကို ရေမှာ တညစိမ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် အဖျားကျစေပါတယ်။
လတ်လတ်ဆတ်ဆတ် ပန်းပွင့်ခြောက် ကော်ဖီဇွန်း ၂ ဇွန်းကို ရေနွေးပူပူမှာ ၅မိနစ်ခန့် စိမ်ပြီး အအေးခံကာ တနေ့ ၂ ခွက် အစာစားပြီးနောက် သောက်သုံးပေးခြင်းဖြင့် အစာလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
နှမ်းဆီ သို့မဟုတ် အုန်းဆီ ရေနွေးကြမ်းပန်းကန် ၁ ခွက်လောက်မှာ အပွင့် ၁၅ ပွင့်လောက်ကို စိမ်ကာ ၁၀ ရက်ကြာအောင် နေရောင်ခံပြီးနောက် ဒီဆီကို လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
မြတ်လေးပန်းပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ဘေးထွက်ဆိုးကျိုး မရှိပါ။ မြတ်လေးပန်းနဲ့ ဓာတ်မတည့်သူတွေ မြတ်လေးပန်းပင်ထွက် ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ မြတ်လေးပန်းပင်ကို သောက်ဆေးအဖြစ် အသုံးမပြုသင့်ပါ။
နွေဦးပြည်သူတွေ မြတ်လေးပန်းပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။


