
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် စကြာပန်းပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
စကြာပန်းကို သိပ္ပံလို Tabernaemontana divaricata လို့ခေါ်ပြီး အင်္ဂလိပ်လို the pinwheel flower, crepe jasmine, East Indian rosebay လို့ ခေါ်ကြပါတယ်။
စကြာပန်းပင်မှာ alkaloid, Coronaridine, Tabersonine, Voacangine, Stemmadenine, Hentriacontane စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကပ်ပါးပိုးဆန့်ကျင်ခြင်း၊ ဘက်တီးရီးယားပိုးသတ်ဆေး/မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ အနာကျက်စေခြင်း၊ အာရုံကြောကို အားကောင်းစေခြင်း၊ အိပ်ပျော်စေခြင်း၊ စိတ်ငြိမ်ဆေး အာနိသင်ရှိခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဝမ်းလျှောခြင်းနဲ့ ဝမ်းဗိုက်အောင့်ခြင်း အမျိုးမျိုးအတွက် စကြာပန်းပင် အမြစ်ပြုတ်ရည် တခါသောက် နွေးကြမ်းပန်းကန်တခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
မျက်စိနာခြင်းအတွက် အပွင့်ကို ကြိတ်ချေကာ ဆီနဲ့ရောပြီး လိမ်းပေးနိုင်ပါတယ်။ အမြစ်ကို ထောင်းပြီး/သွေးပြီးလည်း လိမ်းပေးနိုင်ပါတယ်။
အမြစ်ကို နာကျင်မှု သက်သာဆေးအဖြစ် အသုံးပြုနိုင်ပြီး သွားကိုက်ဝေဒနာမှာ အမြစ်ကိုဝါးပြီး ကိုက်ထားပေးခြင်းဖြင့် သက်သာစေပါတယ်။
အရွက်ကို ထုထောင်းပြီး သတ္တုရည် ကော်ဖီ ၂ ဇွန်းကို ချောင်းဆိုးပျောက်ဆေးအဖြစ် တနေ့ ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
တုပ်ကွေးရောဂါမှာ အရွက်ပြုတ်ရည်ကျကျ တခါသောက် နွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ ဖျားနာခြင်းများမှာ အရွက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ကင်းမြီးကောက်နဲ့ အဆိပ်ရှိသတ္တဝါများ ကိုက်ခဲခံရပါက အမြစ်များ၊ အရွက်များနဲ့ ပန်းများကို ထုထောင်းပြီး အုံပေးခြင်း ပြုလုပ်နိုင်ပါတယ်။ တနေ့ ၃ ကြိမ် လဲလှယ်ပေးပါ။ ပန်းပြုတ်ရည်ကို မျက်နှာမှာ နေ့စဉ်လိမ်းပေးခြင်းဖြင့် မျက်နှာအသားအရေကို ကြည်လင်ဝင်းပစေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို လျော့ပါးစေပါတယ်။
ပန်းပွင့် ၅ ပွင့်ခန့်ကို ရေနွေးပူပူမှာ ၁၀ မိနစ်ခန့်စိမ်ပြီး ညအိပ်ချိန် သောက်သုံးပေးခြင်းဖြင့် စိတ်ကို ပြေလျော့စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။
အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများမှာ အရွက်ခြောက်ပြုတ်ရည်ကျကျကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ပန်းပွင့်လတ်လတ်ဆတ်ဆတ်ကို ကြိတ်ချေပြီး နှမ်းဆီနဲ့ တပတ်ခန့် စိမ်ထားပြီးနောက် အရေပြား အနာများမှာ လိမ်းပေးခြင်းဖြင့် အနာကျက်မြန်စေပါတယ်။ ဒီဆီနဲ့ နားထင်ကိုလိမ်းပြီး နှိပ်နယ်ပေးခြင်းဖြင့် ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။
ဗိုက်အောင့်ခြင်းများမှာ အခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်း ရောစပ်ပြီး အစာမစားမီ တနေ့ ၂ ကြိမ် ၇ ရက်ခန့် သောက်သုံးပေးနိုင်ပါတယ်။
သွေးတိုးရောဂါမှာ အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်/အမြစ်သွေးရည် ဟင်းစားဇွန်း ၁ ဇွန်း တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဝက်ရူးပြန်ရောဂါနဲ့ အာရုံကြောအားနည်းခြင်းများမှာ အရွက်ရေနွေးကြမ်းကို တခါသောက် နွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
အရွက်ရေနွေးကြမ်းကို တနေ့ ၁-၂ ကြိမ် ပုံမှန်သောက်သုံးပေးခြင်းဖြင့် စိတ်ဂနာမငြိမ်ခြင်း၊ အိပ်မပျော်ခြင်းတို့ကို သက်သာ ပျောက်ကင်းစေပါတယ်။
စကြာပန်းပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးပေါင်ချိန်ကျခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ စကြာပန်းပင်ကို မသုံးစွဲသင့်ပါ။ စကြာပန်းပွင့်နဲ့ ဓာတ်မတည့်သူများ စကြာပန်းပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။
နွေဦးပြည်သူများ စကြာပန်းပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။


