
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် သရဖီပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာကနေ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ သရဖီပင်ကို သိပ္ပံလို Calophyllum inophyllum လို့ခေါ်ပြီး အင်္ဂလိပ်လို Alexandrian laurel, Indian laurel,Beauty Leaf လို့ ခေါ်ကြပါတယ်။
သရဖီပင်မှာ Friedelin, B- sitosterol, Canophyllol, Conophyllal, Calophylloide, (+)- inophyllolide, inophyllum A,B, &D; Calophyllin B,Rxanthones, inophyllin A ,inophyllin B, brasilixanthone B, tovopyrifolin C, caloxanthone B, one triterpene, friedelin and one triterpenoid, Beta-sitosterol. canophyllol, canophyllic acid, canophyllalic acid, taraxasterol, stigmasterol, amentoflavone, quercitrin, shikimic acid, gallic acid, protocatechuic acid,Palmitic acid, stearic acid, Oleic acid, Linoleic acid, Erucic acid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ သွေးတိတ်စေခြင်း၊ အနာကျက်စေခြင်း၊ အဖျားကျစေခြင်း၊ ဆီးရွှင်စေခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ ဝမ်းလျောခြင်းကို ဆန့်ကျင်ခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ သရဖီပင်ရဲ့ အခေါက်၊ အစေ့၊ ဆီ တို့ကို သုံးစွဲကြပါတယ်။ ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေနဲ့ ဆီလမ်းကြောင်းပိုးဝင်းခြင်းတို့အတွက် အစေ့ဆီ ကော်ဖီဇွန်းဝက်ခန့်ကို ကျောက်ဖရုံသီး ပြုတ်ရည် တဖန်ခွက်နဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ရောဂါ အူလမ်းကြောင်း အနာဖြစ်ခြင်း၊ အစာအိမ်နာရောဂါတွေမှာ သရဖီပင် အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆီးအောင့်ခြင်းနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွေမှာ အစေ့ဆီ တခါသောက် ကော်ဖီဇွန်းဝက်ကို သံပုရာရည်တခွက်နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
အစေ့အဆီဟာ နာကျင်မှုကို သက်သာစေတာကြောင့် ထိခိုက်ဒဏ်နခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ လေးဘက်နာရောဂါတွေနဲ့ အရေပြားရောဂါတွေမှာ ပြင်ပလိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
ဝက်ခြံ၊ အမာရွတ်တွေ၊ အသားမာရောဂါ၊ နှင်းခူ၊ အရေပြားရောင်ရမ်းခြင်းနဲ့ အရေပြားဓာတ်မတည့်တဲ့ အခြေအနေတွေမှာ သရဖီအစေ့အဆီကို လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။
လိပ်ခေါင်းသွေးယိုခြင်းအတွက် သရဖီပင် အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို ဆားမီးဖုတ် အနည်းငယ်ထည့်ပြီး တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
အစေ့အဆီဟာ နာကျင်မှုကို သက်သာစေပြီး အနာတွေကို သန်ရှင်းစင်ကြယ်စေပါတယ်။ လေးဘက်နာနဲ့ အဆစ်အမြစ်ရောင်ရောဂါ၊ အရေပြားရောဂါတွေမှာ လိမ်းပေးနိုင်ပါတယ်။ ဝက်ခြံ၊ ဝက်ခြံအမာရွတ်၊ အိုင်းအမာနာ၊ နှင်းခူ၊ အရေပြားရောင်ရမ်းတာနဲ့ မတည့်တဲ့ အရေပြားအခြေအနေတွေကို သက်သာစေပါတယ်။ အမာရွတ်တွေကို ၅ ပတ်ခန့် နေ့စဉ် နှိပ်နယ်ပေးတာနဲ့ အမာရွတ်တွေကို လျော့နည်းသွားစေပါတယ်။ အစေ့အဆီကို လိမ်းဆေးအဖြစ် အသုံးပြုခြင်းဖြင့် ရောင်ရမ်းတာကို သက်သာစေပြီး ကြွက်သားနာတာနဲ့ အကြောအဆစ်တွေနာကျင်မှုကို လျော့ကျစေပါတယ်။
သရဖီဆီဟာ ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးတာကြောင့် အရေပြားတင်းမာမှုနဲ့ ပျော့ပျောင်းမှုကို ထိန်းသိမ်းပေးပြီး အစင်းကြောင်းတွေနဲ့ အရေးအကြောင်းတွေကို လျှော့ချပေးပါတယ်။ အရေပြားပေါ်ရှိ အမာရွတ်တွေကို သက်သာစေတဲ့အပြင် အနာကျက်ခြင်းလုပ်ငန်းစဉ်ကို အရှိန်မြှင့်ပေးနိုင်ပါတယ်။
သရဖီဆီမှာ calophyllolide ပါရှိတာကြောင့် အိုင်းအသားမာနာ၊ နှင်းခူနဲ့ နာတာရှည် မျက်နှာအသားအရေ ပျက်စီးတာ စတဲ့ ရောင်ရမ်းမှုအခြေအနေတွေမှာ သရဖီဆီကို လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
သရဖီစေ့ဆီမှာ အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေပါ၀င်ပြီး (ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တွေကို ပျက်စီးစေတာ၊ အိုမင်းရင့်ရော်မှုကို အရှိန်မြှင့်ပေးပြီး ရောဂါတွေဖြစ်ပွားစေတဲ့) ဓာတ်ကြွင်းပစ္စည်းနဲ့ ဓာတ်တိုးဆန့်ကျင်ဖိစီးမှုတွေကို တိုက်ဖျက်ရာမှာ ကူညီပေးပါတယ်။ သရဖီစေ့ဆီဟာ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူနိုင်ပြီး နေရောင်ကြောင့် ပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။
သရဖီပင်ကို အသင့်အတင့် သုံးစွဲတာက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ သုံးစွဲတာကြောင့် ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။ သရဖီပန်းနဲ့ ဓာတ်မတည့်သူတွေ သရဖီပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်မတွေ သုံးစွဲခြင်းမပြုသင့်ပါ။
နွေဦးပြည်သူများ သရဖီပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။


