
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် မှိုနတိုပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
မှိုနတိုပင်ကို သိပ္ပံလို Marsilea လို့ခေါ်ပြီး အင်္ဂလိပ်လို Dwarf water clover, Gelid waterklawer, Small water clover, Airy pepperwort, Pepperwort လို့ ခေါ်ကြပါတယ်။
မှိုနတိုပင်မှာ phenol, flavonoid, saponin, quinone, tannin, terpenoid, coumarins, anthroquinones, Marsiline, Marsilea genin-A, Quercetin kaempferol, glucoside, naringenin, rutin, sitosterol, hentriacontane စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကိုဆန့်ကျင်ခြင်း၊ ဘက်တီးရီးယားပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ အဖျားကျစေခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ အကျိတ်အဖုဆန့်ကျင်ခြင်း၊ ဆီးချိုရောဂါဆန့်ကျင်ခြင်း၊ ချွဲထုတ်ဆေးအာနိသင်ရှိခြင်း၊ ချောင်းဆိုးပျောက်စေခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ လိင်စွမ်းအားကို တိုးစေခြင်း၊ အိပ်ပျော်စေခြင်း၊ မှတ်ဉာဏ်ကိုတိုးတက်စေခြင်း၊ စိတ်ငြိမ်ဆေး အာနိသင်ရှိခြင်း၊ သန္ဓေတားဆေး အာနိသင်ရှိခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဖက်ဆိုင်ရာမှာ မှိုနတိုပင်ရဲ့ အရွက်နဲ့ တပင်လုံးကို သုံးစွဲကြပါတယ်။
အစာမကြေခြင်းအတွက် မှိုနတိုပင်ရွက်ကို ဟင်းအဖြစ်/အတို့အမြှုပ်အဖြစ် ထမင်းနဲ့ စားသုံးပေးနိုင်ပါတယ်။
မှိုနတိုပင်ရွက် သတ္တုရည် ဟင်းစားဇွန်းတဇွန်းကို နွားနို့တခွက်နဲ့ ညအိပ်ရာဝင်ချိန် သောက်ပေးခြင်းက လိင်စွမ်းအားကိုတိုးစေပြီး ပန်းသေပန်းညှိုးရောဂါများကို သက်သာစေပါတယ်။
နှာခေါင်းသွေးယိုခြင်းမှာ မှိုနတိုပင်ရွက် သတ္တုရည်ကို ရှူပေးခြင်း ပြုလုပ်ပေးနိုင်ပါတယ်။
သွားဖုံးများ ရောင်ရမ်းခြင်းမှာ မှိုနတိုပင်ရွက်ပြုတ်ရည်ကို ငုံဆေးအဖြစ် အသုံးပြုခြင်းဖြင့် ရောင်ရမ်းခြင်းကို လျော့ကျစေတယ်။
ဆီးအိမ်နဲ့ ဆီးအိမ် ကြွက်သားများ ကျုံ့ခြင်း/တင်းခြင်း အတွက် မှိုနတိုပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းတခွက်ကို တနေ့ ၂ ကြိမ် ၂ ပတ်ခန့် သောက်ပေးခြင်းဖြင့် သက်သာရာရစေပါတယ်။
မှိုနတိုပင် အမြစ်ကို ထုထောင်းပြီး အရေပြားရောင်ရမ်းခြင်းမှာ လိမ်းပေးနိုင်ပါတယ်။
ချောင်းဆိုးခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများမှာ အရွက်လတ်လတ်ဆတ်ဆတ် သတ္တုရည်ကို တခါသောက် ဟင်းစားဇွန်းတဇွန်းကို တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေတယ်။ အပျော့စား အသက်ရှူလမ်းကြောင်းပိတ်ခြင်းများမှာ အပင်ပြုတ်ရည် ရေနွေးငွေ့ကို ရှူပေးခြင်းဖြင့် သက်သာစေပါတယ်။
အိပ်ရေးပျက်ခြင်း၊ အိပ်မပျော်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများအတွက် အရွက်နု အသင့်အတင့်ကို ပုံမှန်စားသုံးပေးခြင်းဖြင့် အိပ်ပျော်စေပြီး စိတ်ပိုင်းဆိုင်ရာ ဖိအားများကို လျော့ပါး သက်သာစေပါတယ်။ မှိုနတိုပင်အမှုန့် ကော်ဖီတဇွန်းကို ပျားရည် ကော်ဖီတဇွန်းနဲ့ ညအိပ်ချိန် သောက်ပေးခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။
မှိုနတိုပင် ရေနွေးကြမ်းတခွက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်စက်ခြင်း၊ ဦးနှောက်ကို အားရှိစေခြင်း၊ ကိုက်ခဲနာကျင် အကြောတက်ခြင်းများကို လျော့ပါးသက်သာစေခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိစေပါတယ်။
မှိုနတိုပင် အသင့်အတင့်ကို ပုံမှန်စားပေးခြင်းက သွေးတိုးရောဂါကို သက်သာစေပြီး ဆီးချိုရောဂါ ထိန်းသိမ်းရာမှာ အထောက်အကူ ဖြစ်စေပါတယ်။
သုက်ပိုးများ အရည်အသွေးနဲ့ ပမာဏကို တိုးစေကာ လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး သုက်လွှတ်မြန်ခြင်းကို ထိန်းချုပ်ပေးနိုင်တာကြောင့် ပန်းသေပန်းညှိုးရောဂါမှာ မှိုနတိုပင်သတ္တုရည် ဟင်းစားဇွန်းတဇွန်းကို နွားနို့တခွက်နဲ့ ညအိပ်ချိန် သောက်သုံးပေးခြင်းဖြင့် သက်သာစေပါတယ်။
မှိုနတိုပင်ရွက် သတ္တုရည်ကို အဆစ်အမြစ် ရောင်ရမ်းခြင်းများမှာ လိမ်းပေးခြင်း/ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် ရောင်ရမ်း နာကျင်ခြင်းများကို သက်သာစေပါတယ်။
မှိုနတိုပင်ရွက်မှာ အနာကျက်စေတဲ့ အာနိသင် ရှိတာကြောင့် လတ်ဆတ်တဲ့ မှိုနတိုပင်ရွက် အရွက်လတ်လတ်ဆတ်ဆတ် သတ္တုရည်ကို ထိခိုက်ရှနာများနဲ့ အင်းဆက်ပိုးမွှားများ ကိုက်ခံရခြင်းမှာ လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။ ပြည်တည်နာများမှာ မှိုနတိုရွက်ကို ထုထောင်းပြီး အုံပေးခြင်းဖြင့် ပြည်ပေါက်စေပြီး အနာကျက်စေပါတယ်။
အဖျားရောဂါမှာ မှိုနတိုပင်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
အသည်းရောင် အသားဝါရောဂါမှာ မှိုနတိုပင် ရေနွေးကြမ်းကို တခါသောက် ရေနွေးကြမ်းပန်းကန် တခွက် တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆီးကျိတ်ရောင်ရမ်းခြင်းအတွက် မှိုနတိုပင်ရေနွေးကြမ်းကို တခါသောက် ရေနွေးကြမ်းပန်းကန် တခွက် တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာမှုရစေပြီး ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။
မှိုနတိုပင်ကို အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသောက်ခြင်းကြောင့် ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ မှိုနတိုပင်နဲ့ ဓာတ်မတည့်သူများမှာ အရေပြား ရောင်ရမ်းခြင်း လက္ခဏာများ ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်သူများ မှိုနတိုပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။ မှိုနတိုပင်မှာ ကိုယ်ဝန်ကို ဆန့်ကျင်တဲ့အာနိသင် ရှိတာကြောင့် ကိုယ်ဝန်ဆောင်မိခင်များနဲ့ သားသမီးရယူလိုသူ မိခင်လောင်းများ မှိုနတိုပင်ထွက် ပစ္စည်းများကို သုံးစွဲခြင်း မပြုသင့်ပါ။ သိုင်းရွိုက်ဆေး သောက်သုံးနေသူများ မှိုနတိုပင် သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူများ မှိုနတိုပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။
သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)


