
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ပုဏ္ဍရိက်ပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
ပုဏ္ဍရိက်ပင်ကို သိပ္ပံလို Ixora chinensis လို့ခေါ်ပြီး အင်္ဂလိပ်လို Chinese ixora လို့ ခေါ်ကြပါတယ်။
ပုဏ္ဍရိက်ပင်မှာ lupeol, ursolic acid, oleanolic acid, sitosterol, rutin, leucocyanidin, anthocyanin, proanthocyanidin, glycoside, kaempferol, quercetin စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဘက်တီးရီးယားပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ အဖျားကျစေခြင်း၊ သွေးသန့်စင်ခြင်း၊ အိပ်ပျော်စေတဲ့ အာနိသင်ရှိခြင်း၊ မီးယပ်ဖြူဆင်းခြင်းကို ဆန့်ကျင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဆန့်ကျင်ခြင်း၊ အစာအိမ်ကို ကာကွယ်ပေးခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ သွေးတိုးကို လျှော့ချပေးခြင်း၊ ရိုးတွင်းခြင်ဆီကို အထောက်အကူဖြစ်စေခြင်း၊ အနာကျက်စေခြင်း၊ အမည်းစက်များကို ပျောက်ကင်းစေခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း၊ ဓာတုအဆိပ်အတောက်ကို ကာကွယ်ပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဖက်ဆိုင်ရာမှာ ပုဏ္ဍရိက်ပင်ရဲ့ အရွက်၊ အပွင့်၊ အမြစ်၊ အခေါက်၊ အသီးတို့ကို သုံးစွဲကြပါတယ်။
မျက်လုံးနီခြင်းအတွက် ပုဏ္ဍရိက်ပွင့် လတ်လတ်ဆတ်ဆတ် သတ္တုရည်ကို မျက်လုံးမှာ လိမ်းပေးနိုင်ပါတယ်။
ပန်းပွင့်ကို ရေနွေးမှာ စိမ်ထားပြီး အအေးခံကာ မွေးကင်းစကလေးငယ်များကို ရေချိုးပေးခြင်းဖြင့် အရေပြားရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။
လတ်လတ်ဆတ်ဆတ် ပန်းပွင့်ကို ရေမှာ တညစိမ်ပြီး တခါသောက် တဖန်ခွက် တနေ့ ၂ ကြိမ် သောက်ခြင်းဖြင့် တီဘီရောဂါနဲ့ ချောင်းဆိုးသွေးပါခြင်း လက္ခဏာများကို သက်သာမှုရစေပါတယ်။
အစာအိမ်အနာဖြစ်ခြင်းအတွက် အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ပျားရည် ကော်ဖီတဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ကလေးမွေးဖွားပြီးနောက် အမြစ်ပြုတ် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် တပတ်ခန့် သောက်ပေးခြင်းဖြင့် သားအိမ်ကို အကျက်မြန်စေပါတယ်။
လည်ချောင်းနာခြင်း၊ လည်ချောင်းယားယံခြင်းများမှာ အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ဆားအနည်းငယ်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
မီးယပ်သွေးချုပ်ခြင်းအတွက် ပန်းပွင့်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ချင်းမှုန့် ကော်ဖီဇွန်းဝက်ခန့်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
သွေးတိုးရောဂါမှာ ပန်းပွင့်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို သံပုရာသီးတစိပ် ညှစ်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆီးအောင့်ခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများအတွက် ပုဏ္ဍရိက်အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ပုဏ္ဍရိက်ပင်မှာ sitosterol၊ rutin, leucocyanidin, anthocyanins, proanthocyanidins, kaempferol နဲ့ quercetin စတဲ့ဓာတ်ပေါင်းများ ပါဝင်လို့ ပုဏ္ဍရိက်ရွက် ရေနွေးကြမ်းကို တခါသောက် ရေနွေးကြမ်းပန်းကန်တခွက် တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် အသည်းလုပ်ဆောင်ချက်ကို မြှင့်တင်ပေးပြီး သွေးကို သန့်စင်စေပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်းဖြင့်လည်း ဆီးချိုရောဂါအတွက် အထောက်အကူ ဖြစ်စေပါတယ်။
ပန်းပွင့်ခြောက်/အရွက် ရေနွေးကြမ်းကို ပျားရည်နဲ့ သောက်သုံးပေးခြင်းက အမျိုးသမီးများမှာ အီစရိုဂျင်ဟော်မုန်းမျှချေကို ထိန်းညှိပေးပြီး ရာသီစက်ဝန်းကို မှန်ကန်စေကာ ရာသီလာစဉ် ကိုက်ခဲနာကျင်ခြင်းများကို လျော့ပါးစေပြီး မီးယပ်ဖြူဆင်းခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
အရွက်ကို ထုထောင်းပြီး ထိခိုက်ရှနာ၊ အနာများ၊ ပြည်တည်နာများမှာ အုံပေးခြင်း၊ လိမ်းပေးခြင်းဖြင့် ရောင်ရမ်းနာကျင်မှုများကို လျှော့ချပေးပြီး အနာကျက်မြန်စေပါတယ်။ အမြစ်သွေးရည်ကို ဝက်ခြံများမှာ လိမ်းပေးနိုင်ပါတယ်။
ပုဏ္ဍရိက်ပန်းပွင့်ခြောက်/အရွက်တို့ကို ရေနွေးကြမ်းပြုလုပ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန် တခွက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် ဟော်မုန်းကို ထိန်းညှိပေးပြီး အလုံးစုံ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ပုဏ္ဍရိက်ပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ဝမ်းချုပ်ခြင်း၊ လေထိုးလေအောင့်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်/နို့တိုက်မိခင်များနဲ့ ဟော်မုန်းဆေးသောက်သုံးနေသူများ ပုဏ္ဍရိက်ပင် ဆေးဝါးများ မသုံးစွဲသင့်ပါ။ ပုဏ္ဍရိက်ပွင့်နဲ့ ဓာတ်မတည့်သူများ ပုဏ္ဍရိက်ပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။
နွေဦးပြည်သူများ ပုဏ္ဍရိက်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။
သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)


