Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ပင့်ကူထိပ်ပိတ်ပင် ဆေးဖက်ဝင်
DVB
·
November 19, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ပင့်ကူထိပ်ပိတ်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

ပင့်ကူထိပ်ပိတ်ပင်ကို သိပ္ပံလို Leucas cephalotesလို့ခေါ်ပြီး အင်္ဂလိပ်လို Head Leucas လို့ ခေါ်ပါတယ်။ Essential Oils ပင့်ကူထိပ်ပိတ်ပင်မှာ Flavonoid, Alkaloid, Saponin, Tannin, Terpenoid, laballenic acid, β-sitosterol, oleanolic acid, 7-oxostigmasterol, 7-oxositosterol, 7-alpha hydroxy stigmasterol, pillion, gonzalitosin I, tricin, cosmosin, anisofolin A, luteolin,Apigenin စတဲ့ ကျန်းမာရေး အကျိုးပြုဓာတုဓာတ်ပေါင်းများပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကိုဆန့်ကျင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေးအာနိသင်ရှိခြင်း၊ ဘက်တီးရီးယားဆန့်ကျင်ခြင်း၊ ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေခြင်း၊ အဖျားရောဂါကို ကုသပေးခြင်း၊ အစာခြေဖျက်ရာတွင် အထောက်အကူပြုခြင်း၊ ရာသီလာခြင်းဆိုင်ရာ ပြဿနာတွေကို ကုစားပေးခြင်း၊ အင်းဆက်ပိုးမွှားကိုက်ခြင်းကြောင့် ရောင်ရမ်းခြင်းများကို သက်သာစေခြင်း၊ ကျောက်ကပ်နဲ့ အသည်းလုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးခြင်း၊ ဓာတ်မတည့်ခြင်းကိုဆန့်ကျင်ခြင်း စတဲ့ အစွမ်းအာနိသင်ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ  ပင့်ကူထိပ်ပိတ်ပင်ရဲ့ အပင်၊ အရွက်၊ အပွင့်တို့ကို သုံးစွဲကြပါတယ်။ ထိပ်ကပ်နာနဲ့ပတ်သက်တဲ့ ခေါင်းကိုက်ခြင်းမှာ အရွက်လတ်လတ်ဆတ်ဆတ် သတ္တုရည် ၂ စက်ကို (အစာအိမ်တွင်းအစာမရှိချိန်မှာ) နှာခေါင်းပေါက်နှစ်ဖက်စလုံးထဲသို့ ထည့်ပေးခြင်းဖြင့်  သက်သာစေပါတယ်။

အပင်ကိုအခြောက်လှန်း  အမှုန့်ပြုကာ  ရေနဲ့ ဆူပွက်အောင် ပြုတ်ပြီး အနာတွေကို ဆေးကြောရာမှာ ဖန်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ဝမ်းလျှောခြင်းအတွက် အပင်တပင်လုံး အခြောက်လှန်းပြီး ၂၀ ဂရမ်ခန့်ကို ရေ ၁၀၀ မီလီလီတာခန့် ထည့်ပြီး ၃ ခွက် ၁ ခွက်တင်ပြုတ်ပြီး တနေ့ ၃ ကြိမ် ၃ ရက်ဆက် သောက်ပေးနိုင်ပါတယ်။

ဖျားနာခြင်းအတွက်  အပင်တပင်လုံးပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် ၇ ရက်ခန့် အစာမစားမီ သောက်ပေးနိုင်ပါတယ်။

ခေါင်းကိုက်ခြင်းအတွက် အပွင့်နဲ့အရွက်ကို ထုထောင်းပြီး ရေနဲ့နယ်ကာ နဖူးပေါ်မှာ မိနစ် ၂၀ ခန့်  ကပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

အသားဝါခြင်းအတွက် အပွင့်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် ၇ ရက်ခန့် အစာမစားမီ သောက်ပေးနိုင်ပါတယ်။

အရွက်ခြောက်ကို ရေနွေးကြမ်းပြုလုပ်ပြီး တနေ့ ၂ ကြိမ်ခန့် သောက်သုံးပေးခြင်းဖြင့်  သွေးသန့်စင်စေပါတယ်။

ဝမ်းဗိုက်အောင့်ခြင်းအတွက်  အပင်သတ္တုရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂ ကြိမ် သောက်သုံးနိုင်ပါတယ်။

ပိုးမွှားကိုက်ခံရခြင်း၊ အရေပြားယားယံခြင်းများမှာ အပင်သတ္တုရည်ကို ခန္ဓာကိုယ်အနှံ့ လိမ်းပေးခြင်းဖြင့် ရောင်ရမ်းခြင်းကို သက်သာပါတယ်။

အသက်ရှူလမ်းကြောင်းပိတ်ခြင်းအတွက် အရွက်ပြုတ်ရည်နွေးနွေး တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် ချွဲသလိပ်များကို သက်သာစေပြီး အသက်ရှူရလွယ်ကူစေပါတယ်။

အစာမကြေခြင်း၊ လေပွခြင်းတို့အတွက် အရွက်လတ်လတ်ဆတ်ဆတ်ကို ဝါးစားခြင်း၊ ပြုတ်ရည်ကို အသင့်အတင့် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

အရွက်သတ္တုရည်ကို နနွင်းနဲ့ ရောနယ်ပြီး အနာများ၊ ထိခိုက်ပြတ်ရှနာများနဲ့ နှင်းခူတို့မှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

အပင်ကိုထုထောင်းကာ မုန်ညင်းဆီဖြင့် ပြုတ်ပြီး သွေးစုနာ၊ အနာစိမ်းများမှာ လိမ်းပေးနိုင်ပါတယ်။

ဆီးလမ်းကြောင်း ပြဿနာများအတွက် အရွက်သတ္တုရည်  ဟင်းစားဇွန်း ၁ ဇွန်းကို ရေ ၁ ဖန်ခွက်နဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

နှာခေါင်းသွေးလျှံခြင်းအတွက် အပွင့်ခြောက်ကို ဆေးလိပ်သောက်ပြီး အခိုးအငွေ့များကို နှာခေါင်းမှတဆင့် ရှူထုတ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

ပင့်ကူထိပ်ပိတ်ပင်ရဲ့ ဇီဝဗေဒဆိုင်ရာ ဓာတ်ပေါင်းများက အဆိပ်အတောက်များကို ချေဖျက်ပေးပြီး ရောင်ရမ်းမှု တုံ့ပြန်မှုများကို လျှော့ချပေးတဲ့ ဂုဏ်သတ္တိရှိတာကြောင့် ဆေးဝါးလက်လှမ်းမမီတဲ့ နေရာမှာ အဆိပ်ရှိသတ္တဝါများ ကိုက်ခံရပါက ပင့်ကူထိပ်ပိတ်ပင်သတ္တုရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ၁ နာရီခြား ၃ ကြိမ်၊ ၂ နာရီခြား ၃ ကြိမ်၊ ၃ နာရီခြား ၃ ကြိမ် စသဖြင့် နာရီခြားပြီး ၃ ရက်ဆက် တိုက်ကျွေးပြီးနောက် ပျောက်ကင်းတဲ့အထိ တနေ့ ၃ ကြိမ် သောက်ပေးပါ။ အပင်ကို ညက်အောင်ထုထောင်းကာ ဒဏ်ရာပေါ်မှာ အုံပေးပြီး ၃ နာရီခြား တခါ လဲလှယ်ပေးပါ။ အဆိပ်ရှိသတ္တဝါများ ကိုက်ခဲခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်မှုကို လျော့ပါးစေပါတယ်။

ပင့်ကူထိပ်ပိတ်ပင်မှာ အစွမ်းထက်တဲ့ ရောင်ရမ်းမှုကို တိုက်ဖျက်ပေးခြင်း၊ ချွဲထုတ်ပေးခြင်း၊ ပြေလျော့စေခြင်း စတဲ့ဂုဏ်သတ္တိများ ပါရှိပြီး သဘာဝ ချွဲထုတ်ဆေးဖြစ်တာကြောင့် ပင့်ကူထိပ်ပိတ်ပင် ရေနွေးကြမ်းကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့်  သာမန်အအေးမိ၊ တုပ်ကွေး၊ ပန်းနာရင်ကျပ်၊ လည်ချောင်းနာခြင်းတို့မှာ သက်သာမှုရစေတဲ့အပြင် ရင်ဘတ် နဲ့ နှာခေါင်းအတွင်းမှ ချွဲသလိပ်များကို ဖယ်ရှားရာမှာ ကူညီပေးပြီး အသက်ရှူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ပင့်ကူထိပ်ပိတ်ပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံသုံးစွဲခြင်းကြောင့် အစာအိမ်ပူခြင်း၊ ခြေဖဝါး ပူလောင်ခြင်း၊ ခန္ဓာကိုယ်အနှံ့ အပူလွန်ကဲခြင်း၊ ခြောက်သွေ့ခြင်း၊ တောင့်တင်းခြင်း စတဲ့လက္ခဏာများ ဖြစ်စေနိုင်ပါတယ်။ ပင့်ကူထိပ်ပိတ်ပင်နဲ့ ဓာတ်မတည့်သူများ ပင့်ကူထိပ်ပိတ်ပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ မသုံးစွဲသင့်ပါ။

နွေဦးပြည်သူများ ပင့်ကူထိပ်ပိတ်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013