
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကတွတ်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကတွတ်ပင်ကို သိပ္ပံလို Ficus carica လို့ခေါ်ပြီး အင်္ဂလိပ်လို fig လို့ခေါ်ပါတယ်။
ကတွတ်ပင်မှာ ပရိုတင်း၊ ကာဘိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ Phosphor၊ Thiamine ဗီတာမင် B6၊ ဗီတာမင် A၊ ဗီတာမင် C၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ် စတဲ့အာဟာရ သတ္တုဓာတ်များနဲ့ Phenolic, Flavonoid, Coumarin, Tannin,(Ficin, Amylase, Protease အင်ဇိုင်းများ) စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အစာချေဖျက်ခြင်း၊ အကျိတ်အဖု ဆန့်ကျင်ခြင်း၊ ကင်ဆာ ဆန့်ကျင်ခြင်း၊ ဘက်တီးရီးယား ဆန့်ကျင်ခြင်း၊ မှိုရောဂါ ဆန့်ကျင်ခြင်း၊ အစာလမ်းကြောင်းနဲ့ အသည်းကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ကပ်ပါးပိုးကို တိုက်ဖျက်ခြင်း၊ သွေးကို သန့်စင်စေခြင်း၊ သွေးခဲခြင်းကို ဟန့်တားခြင်း၊ ဆီးရွှင်စေခြင်း၊ ခုခံအားစနစ်ကို ထိန်းညှိပေးခြင်း၊ ဝမ်းလျှောခြင်းကို ဆန့်ကျင်ခြင်း၊ အဖျားကို လျှော့ချပေးခြင်း၊ ကြွက်သားကို ပြေလျော့စေခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ကတွတ်ပင်ရဲ့ အသီး၊ အရွက်၊ အမြစ် တို့ကို သုံးစွဲကြပါတယ်။ ကတွတ်သီးခြောက် ၂-၃ လုံးကို ရေနွေးနွေးထဲမှာ တည စိမ်ပြီး ဗိုက်ထဲ အစာမရှိချိန်မှာ စားသုံးပေးခြင်းက ဝမ်းမှန်စေပါတယ်။
ကတွတ်သီးကို နို့နဲ့ပြုတ်ပြီး အိပ်ရာမဝင်မီ စားသုံးခြင်းဖြင့် ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။
လတ်လတ်ဆတ်ဆတ် ကတွတ်သီးကို ပျားရည်နဲ့ စားပေးခြင်းက အစာစားချင်စိတ်ကို သဘာဝအတိုင်း လျှော့ချပေးတာကြောင့် ကိုယ်အလေးချိန် ထိန်းသူများအတွက် အထောက်အကူပြုပါတယ်။
ကတွတ်ရွက်ဟာ အင်ဆူလင် လုပ်ဆောင်မှုကို ထိန်းညှိပေးတာကြောင့် ဆီးချိုဝေဒနာရှင်များ ကတွတ်ရွက်ဖျော်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တခွက်ကို သွေးတွင်းသကြားဓာတ် အနိမ့် အမြင့်ပေါ် မူတည်ပြီး တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
လိပ်ခေါင်းရောဂါမှာ ကတွတ်သီးကို လိမ်းပေးခြင်းဖြင့် ရောင်ရမ်းမှုကို သက်သာစေပါတယ်။
ကတွတ်သီးဖျော်ရည်ကို နေ့စဉ် သောက်ပေးခြင်းဖြင့် သံဓာတ်ပါဝင်မှုကို မြှင့်တင်ပေးပြီး သွေးအားနည်းခြင်းကို လျော့ပါးစေပါတယ်။
ကတွတ်သီးကို ရေမှာစိမ်ပြီး သောက်ပေးခြင်းက အသည်းလုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။ ကတွတ်သီးအနှစ်ကို ဒိန်ချဉ်နဲ့ရောနယ်ကာ လိမ်းပေးခြင်းဖြင့် မျက်နှာကို သဘာဝအတိုင်း ကြည်လင်ဝင်းပစေပါတယ်။
ကတွတ်ရွက်ပြုတ်ရည် ရေနွေးငွေ့ကို ရှူရှိုက်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။
အရေပြားရောင်ရမ်းခြင်းများမှာ အရွက်သတ္တုရည်ကို လိမ်းပေးနိုင်ပါတယ်။ ကြွက်နို့၊ အရေပြားအနာများနဲ့ အနာပေါက်ခြင်းများမှာ ကတွတ်သီးအစေးကို လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။
ထိခိုက်မှုကြောင့် ရောင်ရမ်းခြင်း၊ အကျိတ်နဲ့ အခြားရောင်ရမ်းခြင်းများမှာ အသီးကိုထုထောင်းပြီး လိမ်းအုံပေးခြင်းဖြင့် ကိုက်ခဲနာကျင်ခြင်းများကို သက်သာစေပါတယ်။
သွေးထွက်လွန်ခြင်းအတွက် အသီးဖျော်ရည်ကို ပျားရည်နဲ့ သောက်ပေးနိုင်ပါတယ်။ ကတွတ်ရွက်သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို ပျားရည်ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် သံကောင်တုတ်ကောင်ရောဂါများကို နှိမ်နင်းနိုင်ပါတယ်။
ကတွတ်သီးမှည့် အသင့်အတင့်ကို ပုံမှန်စားသုံးခြင်းဖြင့် အစာစားချင်စိတ်ကို နှိုးဆွပေးခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေပြီး အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ နှလုံးသွေးကြောကျန်းမာရေးကို ထောက်ပံ့ပေးခြင်း၊ သွေးအားနည်းရောဂါကို ကာကွယ်ပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ခုခံအားကို မြှင့်တင်ပေးခြင်း၊ ဂေါက်ရောဂါကို လျော့ပါးစေခြင်း၊ နာတာရှည်ရောင်ရမ်းခြင်းများနဲ့ ကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးခြင်း စတဲ့အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်။
ကတွတ်သီး အသင့်အတင့် စားသုံးခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ ကတွတ်သီးမှာ ပိုတက်စီယမ်မြင့်မားတာကြောင့် အလွန်အကျွံစားသုံးခြင်းက ဝမ်းလျှောခြင်း၊ လေပွခြင်း၊ သွေးတွင်းဓာတ်မညီမျှခြင်းကို ဖြစ်စေနိုင်ပါတယ်။ အစေးနဲ့ဓာတ်မတည့်သူများမှာ အရေပြားရောင်ရမ်းခြင်း၊ ခံတွင်းယားယံခြင်းတို့ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ ကတွတ်သီး အလွန်အကျွံစားပါက ဝမ်းသွားများပြီး ရေဓာတ်ကိုထိခိုက်စေပါတယ်။ ကျောက်ကပ်ရောဂါရှိသူများသည် ပမာဏများများ စားသောက်ခြင်း မပြုသင့်ပါ။ ကတွတ်သီး နဲ့ ဓာတ်မတည့်သူများ ကတွတ်ပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။
နွေဦးပြည်သူများ ကတွတ်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။


