
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဖျောက်ဆိပ်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာကနေ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဖျောက်ဆိပ်ပင်ကို သိပ္ပံလို Holoptelea integrifolia လို့ခေါ်ပြီး အင်္ဂလိပ်လို Indian elm, Jungle cork tree, Monkey biscuit tree, Indian beech tree လို့ ခေါ်ကြပါတယ်။
အပင်ရဲ့ ပင်စည်အခေါက်မှာ triterpenoid atty acid esters၊ Holoptelin A,B၊ B- sitosterol၊ fryelin၊ epi-fridelinol အရွက်မှာ Hexacosanol၊ B-amyrin စတဲ့ ကျန်းမာရေး အကျိုးပြုဓာတုဓာတ်ပေါင်းတွေပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အနာကျက်ခြင်း၊ အစာအိမ်နာကို ကုသခြင်း၊ အကိုက်အခဲပျောက်ဆေးအာနိသင်ရှိခြင်း၊ ဘက်တီးရီးယားနဲ့ မှိုအမျိုးမျိုးကို တိုက်ဖျက်ခြင်း၊ ဗိုင်းရပ်စ်ပိုးကို ဆန့်ကျင်ခြင်း၊ ဆီးချိုရောဂါကို တိုက်ဖျက်ခြင်း၊ အူလမ်းကြောင်းကပ်ပါးပိုးများကို တိုက်ဖျက်ခြင်း၊ ဇီဖြစ်စဉ်ကို ထိန်းညှိပေးခြင်း စတဲ့ အစွမ်းအာနိသင်ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ဖျောက်ဆိပ်ပင် ရဲ့ အရွက်၊ အခေါက်အသီး တို့ကို သုံးစွဲကြပါတယ်။
ဒဏ်ရာအသစ်တွေမှာ သွေးထွက်ခြင်းကို ထိန်းချုပ်ရန်နဲ့ အနာကျက်မြန်စေဖို့ အခေါက်အမှုန့်ကို ထည့်ပေးနိုင်ပါတယ်။ ဆီးချိုရောဂါမှာ အခေါက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။
အစာစားချင်စိတ်တိုးတက်စေဖို့ အခေါက်ပြုတ်ရည်ကို ရေနွေးကြမ်းပန်းကန်တဝက်ကို ငရုပ်ကောင်းမှုန့် ကော်ဖီဇွန်းဝက် နဲ့ အစာမစားမီ နာရီဝက်ခန့် ကြိုတင် သောက်သုံးပေးနိုင်ပါတယ်။ အခေါက် သွေးရည်ကို အပြင်လိပ်ခေါင်း အပေါ်မှာ လိမ်းပေးခြင်းဖြင့် ရောင်ရမ်းမှုကို လျော့ပါးစေပါတယ်။
အခေါက် ပြုတ်ရည် ရေနွေးကြမ်းတခွက်ကို တနေ့တကြိမ် ပုံမှန်သောက်သုံးခြင်းက သွေးကိုသန့်စင်စေပါတယ်။
အဖျားရောဂါများမှာ အခေါက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
သန်ကောင်/တုတ်ကောင်ရောဂါတွေမှာ အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ပျားရည် ကော်ဖီတဇွန်းနဲ့ တနေ့ ၂ ကြိမ် ၃ ရက်ခန့် သောက်သုံးပေးနိုင်ပါတယ်။
အူလမ်းကြောင်း သန်ကောင်/တုတ်ကောင် ရောဂါတွေမှာ အစေ့မှုန့် ကော်ဖီတဇွန်းကို ပျားရည်ကော်ဖီ တဇွန်းနဲ့ တနေ့ ၂ ကြိမ် ၃ ရက်ခန့် သောက်ပေးနိုင်ပါတယ်။
အခေါက်အတွင်းသားကို ပြုတ်ပြီး အဆစ်အမြစ်ရောင်ရမ်းခြင်းများအတွက် လိမ်းပေးနိုင်ပါတယ်။
ပြန်ရည်ကျိတ်တွေရောင်ရမ်းခြင်း၊ ယားယံခြင်းနဲ့ ဝဲနာတွေမှာ ပင်စည်အခေါက်သွေးရည်ကို လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။
မျက်လုံး ရောင်ရမ်းခြင်းအတွက် ပင်စည်အခေါက်သွေးရည်ကို လိမ်းပေးနိုင်ပါတယ်။ အခေါက်နဲ့ အရွက်ကို ထုထောင်းပြီး အဖြူရောင်အကွက်တွေနဲ့ ခရုသင်းတွေမှာ လိမ်းပေးနိုင်ပါတယ်။
အခေါက်ကို အုန်းဆီနဲ့ပြုတ်ပြီး ကြက်သွန်ဖြူနဲ့ရောကာ နှင်းခူကို လိမ်းပေးနိုင်ပါတယ်။
ရေယုန်ပိုးဝင်ခြင်းအတွက် အခေါက်သွေးရည်ကို ပျောက်ကင်းတဲ့အထိ ဖြစ်တဲ့နေရာမှာ လိမ်းပေးနိုင်ပါတယ်။
ဆီးအမြုပ်ထခြင်းနဲ့ ဆီးလမ်းကြောင်းပြဿနာတွေမှာ အသီးခြောက်ကို ရေနွေးကြမ်းပြုလုပ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန်တခွက်ကို တနေ့ ၂-၄ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
အစာအိမ်ရောင်ခြင်းအတွက် အခေါက်မှုန့် တခါသောက် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီတဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါမှာ အခေါက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
အရွက်နုသတ္တုရည်ကို သံပုရာရည်နဲ့ ရောစပ်ပြီး ပိုးဝင်ခြင်းကြောင့် ဆံပင်ကျွတ်ခြင်းတွေမှာ လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။
အစေ့အဆံ သွေးရည်ကို ဝက်ခြံများမှာ လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။ သွေးစုနာတွေမှာ အခေါက်သွေးရည်ကို လိမ်းပေးနိုင်ပါတယ်။ ကင်းမြီးကောက်ကိုက်တဲ့အခါ အခေါက်ကို ထုထောင်းပြီး အုံပေးနိုင်ပါတယ်။
ဖျောက်ဆိပ်ပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲတာကြောင့် ဝမ်းချုပ်ခြင်း၊ လေထိုးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဖျောက်ဆိပ်ပင်နဲ့ ဓာတ်မတည့်သူတွေ ဖျောက်ဆိပ်ပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အသည်းရောဂါအခံရှိသူတွေ သုံးစွဲခြင်း မပြုသင့်ပါ။
နွေဦးပြည်သူတွေ ဖျောက်ဆိပ်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။




