Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ရင်ငန်းပင်
DVB
·
October 8, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ရင်ငန်းပင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသား ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ရင်ငန်းပင်ကို သိပ္ပံလို Salacca zalacca လို့ခေါ်ပြီး အင်္ဂလိပ်လို Snake fruit, Salak လို့ ခေါ်ကြပါတယ်။ 

ရင်ငန်းသီးမှာ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်၊ သံဓာတ်၊ ဗီတာမင် B2၊ ဗီတာမင် C၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖရပ်နဲ့ အမျှင်ဓာတ်၊ beta-carotene စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ phenol ၊ Tannin ၊ saponin ၊ flavonoid ၊ pectin စတဲ့ ကျန်းမာရေး အကျိုးပြုဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း၊ သွေးအားနည်းခြင်းကို ဆန့်ကျင်ခြင်း၊ ဆီးချိုဆန့်ကျင်ခြင်း၊ အနာကျက်စေခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ ရင်ငန်းသီးရဲ့ အသီး၊ အစေ့၊အခွံ တို့ကို သုံးစွဲကြပါတယ်။ ရင်ငန်းသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်လို့ ဖရီးရယ်ဒီကယ်များကြောင့် ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုကို ပါတယ်။

ရင်ငန်းသီးမှာ ဗီတာမင်စီ မြင့်မားစွာ ပါဝင်တာကြောင့် ရင်ငန်းသီး စားသုံးခြင်းက သွေးဖြူဥ ထုတ်လုပ်မှုကို ပံ့ပိုးပေးပြီး ရောဂါပိုးများကို တိုက်ထုတ်နိုင်စွမ်းကို မြှင့်တင်ပေးကာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

ရင်ငန်းသီးမှာ ပါဝင်တဲ့ သဘာဝသကြားဓာတ်တွေက စွမ်းအင်ကို မြန်မြန်ဆန်ဆန် မြှင့်တင်ပေးနိုင်တာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာ ဖြစ်ပြီး လေ့ကျင့်ခန်းအကြို အစားအစာအတွက် ကောင်းမွန်တဲ့ အစာအာဟာရတခု ဖြစ်ပါတယ်။

ရင်ငန်းသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာ ဆိုဒီယမ် အာနိသင်ကို တွန်းလှန်ခြင်းဖြင့် သွေးဖိအားကို ထိန်းညှိပေးနိုင်ပြီး သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ရင်ငန်းသီးမှာ အမျှင်ဓာတ် ပါဝင်တာကြောင့် အစာချေဖျက်ရာမှာ ကူညီပေးနိုင်ပြီး ဝမ်းမှန်စေကာ ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ ရင်ငန်းသီးဟာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိသောကြောင့် ရောင်ရမ်းခြင်းများကို သက်သာစေပါတယ်။

အမျှင်ဓာတ် ပါဝင်တာကြောင့် အချိန်ကြာကြာ ဗိုက်ပြည့်နေအောင် ကူညီပေးပြီး ကယ်လိုရီ စားသုံးမှုကို လျှော့ချကာ  ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ အထောက်အကူဖြစ်စေပါတယ်။

ရင်ငန်းသီးမှာ ကယ်လ်စီယမ်နဲ့ ဖော့စဖရပ် စတဲ့ မရှိမဖြစ်သတ္တုဓာတ်များ ပါ၀င်ပြီး အရိုးများကို ကျန်းမာ သန်မာစေပါတယ်။

ရင်ငန်းသီးမှာ beta-carotene ပါ၀င်တာကြောင့် အစားအသောက်များမှာ ရင်ငန်းသီး ထည့်သွင်း စားသောက်ခြင်းက မျက်လုံးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

ရင်ငန်းသီးမှာ tannin၊ saponin နဲ့ flavonoid တို့ပါဝင်ပြီး အစာခြေစနစ်ကို အထောက်အကူပြုပြီး နာတာရှည်အစာအိမ်ပြဿနာများကို ပျောက်ကင်းစေပါတယ်။

ရင်ငန်းသီးမှာ pectin နဲ့ ပိုတက်စီယမ်ပမာဏ မြင့်မားခြင်းကြောင့် မှတ်ဉာဏ်ကို မြှင့်တင်ပေးပါတယ်။

ရင်ငန်းသီးမှာ ပိုတက်စီယမ် ကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ သတ္တုဓာတ် အများအပြား ပါဝင်တာကြောင့် နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေပြီး နှလုံးသွေးကြောကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။

ရင်ငန်းသီးဟာ ဆဲလ်များနဲ့ တစ်သျှူးများ ပျက်စီးမှုကို တိုက်ဖျက်ရာမှာ ထိရောက်မှုရှိတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါရှိတာကြောင့် ခန္ဓာကိုယ်ကို ကင်ဆာဖြစ်စေတဲ့ အန္တရာယ်မှ ကာကွယ်ပေးပါတယ်။ ရင်ငန်းသီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် ကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။

ရင်ငန်းသီးမှာ မြင့်မားတဲ့ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်မှုများသောကြောင့် ရင်ငန်းသီးခွံကို ရေနွေးကြမ်းအဖြစ် သောက်သုံးတာက ကိုယ်အလေးချိန်လျှော့ချရာမှာ ကူညီပေးပါတယ်။ ရင်ငန်းသီး စားသောက်ခြင်းဖြင့် ယူရစ်အက်ဆစ် မြင့်မားခြင်းကို တည်ငြိမ်စေပြီး ဂေါက်ရောင်ရမ်းခြင်းကို ထိန်းညှိပေးနိုင်ပါတယ်။

ရင်ငန်းသီးကို အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသုံးတာကြောင့် အစာချေဖျက်မှု အဆင်မပြေခြင်း၊ ဝမ်းချုပ်ခြင်း၊ ကြွက်တက်ခြင်းနဲ့ လေပွခြင်း စတဲ့လက္ခဏာများ ခံစားရနိုင်ပါတယ်။ တချို့ ဓာတ်မတည့်သူများမှာ အန်ခြင်း၊ အင်ပျဉ်ထခြင်း၊ နှာရည်ယိုခြင်း၊ အသက်ရှူကြပ်ခြင်း၊ ဝမ်းဗိုက်နာခြင်းတို့ ဖြစ်တတ်ပါတယ်။ ဓာတ်မတည့်သူများ ရင်ငန်းပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။ ကျောက်ကပ် ကျောက်တည်သူများ ရင်ငန်းသီး စားသောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူများ ရင်ငန်းပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024