Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ဂျို့ပင် ဆေးဖက်ဝင် 
DVB
·
October 1, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဂျို့ပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ဂျို့ပင်ကို သိပ္ပံလို Schleichera oleosa , Schleichera trijuga လို့ခေါ်ပြီး အင်္ဂလိပ်လို  Ceylon Oak, , kusum tree,  lac tree, gum lac tree လို့ခေါ်ကြပါတယ်။

ဂျို့ပင်မှာ Oleic, gadoleic, stearic, arachidic, behenic, palmitoleic andpalmitic စတဲ့ကျန်းမာရေးအကျိုးပြုဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကူးစက်ရောဂါတွေကို ကာကွယ်ပေးခြင်း၊ ဒဏ်ရာ/အနာကျက်စေခြင်း၊ ဓာတ်မတည့်ခြင်းတွေကို ပျောက်ကင်းစေခြင်း၊ အအေးမိခြင်းကို ကုသပေးခြင်း၊ အစာကြေစေခြင်း၊ အစာလမ်းကြောင်းကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ ကပ်ပါးပိုးကို တိုက်ဖျက်ခြင်း၊ ဝက်ခြံတွေကို ပျောက်ကင်းစေခြင်း၊ အရေပြားကျန်းမာရေးကို ကာကွယ်ပေးခြင်း၊ ဆံပင်ကြီးထွားမှုကို အားပေးခြင်း၊ စတဲ့အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ ဂျို့ပင်ရဲ့ အရွက်၊ အခေါက်၊ အစေ့နဲ့ဆီ တို့ကို သုံးစွဲကြပါတယ်။ ဂျို့သီးမှည့်ကို နာကျင်မှု၊ ယားယံမှုနဲ့ အရေပြားပြဿနာတွေမှာ လိမ်းဆေးအဖြစ်အဖြစ် အသုံးပြုနိုင်ပြီး ဆံပင်ကျွတ်ခြင်းအတွက်လည်း  အကျိုးပြုပါတယ်။

အသီးမှည့်ဟာ ဝမ်းမီးကို လှုံ့ဆော်ပေးတဲ့အပြင် အစာချေဖျက်မှုလည်းကောင်းမွန်စေပါတယ်။ သွေးသန့်စင်ခြင်းနဲ့ အရေပြားရောဂါတွေအတွက်လည်း အကျိုးပြုပါတယ်။ အစေ့ဆီဟာ ဝမ်းနုတ်ဆေး အာနိသင်ရှိပြီး အစေ့ဆီ ကော်ဖီ ၁ ဇွန်းကို တပတ် ၁-၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် နာတာရှည် ဝမ်းချုပ်ခြင်းကို လျော့ပါးစေပါတယ်။

အခေါက်ပြုတ်ရည်ဟာ သွေးကို သန့်စင်စေပြီး ဖောရောင်ခြင်းကို လျှော့ချပေးတာကြောင့် ဖောရောင်ခြင်းတွေမှာ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ်  သောက်သုံးပေးနိုင်ပါတယ်။

အဖျားရောဂါတွေမှာ အခေါက်ပြုတ်ရည် တခါသောက်ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ်  သောက်သုံးပေးနိုင်ပါတယ်။ မီးယပ်ဖြူဆင်းခြင်းအတွက် အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို သကြားကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ မိန်းမကိုယ်ရောဂါတွေမှာ အခေါက်ပြုတ်ရည်ကို ဖန်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။

အစေ့အမှုန့်ကော်ဖီ ၁ ဇွန်းကို  ရေနဲ့ရောပြီး သောက်ပေးခြင်းက သန်ကောင်/တုတ်ကောင်တွေကို ဖယ်ရှားပေးပါတယ်။ အစေ့အမှုန့်ကို အနာမကျက်တဲ့ဒဏ်ရာတွေမှာ လိမ်းပေးခြင်းဖြင့် အနာကို အကျက်မြန်စေပါတယ်။

ဆံပင်ကြီးထွားမှုအတွက် အစေ့ဆီကို ဦးရေပြားမှာ လိမ်းပေးနိုင်ပါတယ်။ ယားယံခြင်းနဲ့ အရေပြားရောင်ရမ်းခြင်းပြဿနာတွေအတွက် အခေါက် / အရွက် ကို ထုထောင်းပြီး လိမ်းပေးခြင်းဖြင့် သက်သာစပါတယ်။ 

ရောင်ရမ်းမှုကို လျှော့ချပေးပြီး တစ်ရှူးတွေကို ကျုံ့စေကာ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို တားဆီးပေးတာကြောင့် ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်းနဲ့ ကပ်ပါးပိုးဝင်ခြင်းအတွက် အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ အစေ့မှုန့် ကော်ဖီ ၁ ဇွန်းကိုလည်း  တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ချွဲပျော်ဆေးအဖြစ် လုပ်ဆောင်ပြီး အသက်ရှုလမ်းကြောင်းပိတ်ခြင်းကို ရှင်းစေတာကြောင့် ချောင်းဆိုးခြင်းနဲ့ ပန်းနာရင်ကြပ်စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေမှာ အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးနိုင်ပါတယ်။

ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့အာနိသင်ရှိတာကြောင့် အဆစ်အမြစ်ကိုက်ခဲခြင်းတွေမှာ ရောင်ရမ်း နာကျင်ခြင်းတွေမှာ အစေ့ဆီနွေးနွေးကို အဆစ်တွေမှာ လိမ်းပြီး နှိပ်နယ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

သွေးသန့်စင်ခြင်းနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အာနိသင်ရှိပြီး အသည်းလုပ်ဆောင်ချက်ကို ကောင်းမွန်စေတာကြောင့် ဂျို့သီးကို စားသောက်ပေးခြင်းဖြင့် အသည်းရောင်အသားဝါနဲ့ အသည်းအဆိပ်အတောက်ဖြစ်ခြင်းတို့ကို တားဆီးပေးပါတယ်။

သွေးတိတ်ဆေးအာနိသင်ရှိတာကြောင့် နှာခေါင်းသွေးယိုခြင်းနဲ့ အလွန်အကျွံ သွေးထွက်ခြင်းတွေမှာ အခေါက်သွေးရည် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့  ၁-၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် သွေးထွက်ခြင်းကို ထိန်းချုပ်ရာမှာ ကူညီပေးနိုင်ပါတယ်။ မီးလောင်ဒဏ်ရာတွေမှာ အဆီကိုလိမ်းပေးခြင်းဖြင့် အရေပြားပိုးဝင်ခြင်းကိုတားဆီးပေးပြီး အသားအရေပျက်စီးမှုကို  သက်သာပျောက်ကင်းစေပါတယ်။

ဂျို့ပင်ကို အသင့်အတင့်သုံးစွဲခြင်းက ထူးခြားတဲ့ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အခေါက်/အရွက်တို့ကို အလွန်အကျွံ သုံးစွဲခြင်းကြောင့် ဝမ်းချုပ်စေနိုင်ပါတယ်။ တချို့ဓာတ်မတည့်သူတွေမှာ လိမ်းတဲ့အခါ အရေပြားယားယံမှုကို ဖြစ်စေနိုင်ပါတယ်။ ဂျို့သီးနဲ့ ဓာတ်မတည့်သူတွေ ဂျို့ပင်ထွက်ပစ္စည်းတွေ သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ဂျို့ပင်ထွက်ပစ္စည်းတွေ သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူတွေ ဂျို့ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013