
ဒီတပတ်မှာ စားသုံးဆေးဝင် ဂွေးသီးပင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။
ဂွေသီးပင်ကို သိပ္ပံလို Spondias dulcis လို့ခေါ်ပြီး အင်္ဂလိပ်လို Ambarella, Polynesian plum ,Tahiti apple, Golden Apple , Jew Plum လို့ ခေါ်ကြပါတယ်။
ဂွေသီးမှာ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ဖော့စဖရပ်၊ အမျှင်ဓာတ်၊ thiamine နဲ့ riboflavin စတဲ့အာဟာရသတ္တုဓာတ်များပါဝင်ပြီး အရွက်နဲ့အခေါက်မှာ flavonoid၊ saponin,tannin စတဲ့ကျန်းမာရေး အကျိုးပြုဓာတုဓာတ်ပေါင်းများပါ၀င်ကာ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အရေပြားကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ အနာကျက်ခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ ဆဲလ်အဆိပ်သင့်ခြင်းကို ကာကွယ်ပေးခြင်း၊ သွေးကြောများပိတ်ဆို့ခြင်းကို ကာကွယ်ပေးခြင်း၊ သွေးအားနည်းခြင်းကို တိုက်ဖျက်ခြင်း၊ အမြင်အာရုံကို တိုးတက်စေခြင်း၊ ဝမ်းချုပ်ခြင်းကို တားဆီးခြင်း၊ အစာကြေခြင်း၊ ကင်ဆာကို တိုက်ဖျက်ပေးခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးခြင်း၊ သွေးတိုးရောဂါကို လျှော့ချပေးခြင်း စတဲ့ အစွမ်းအာနိသင်ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ဂွေးသီးပင်ရဲ့ အရွက်၊ အခေါက်၊ အမြစ်နဲ့ အသီးတို့ကို သုံးစွဲကြပါတယ်။
ဂွေးသီးမှာ ဗီတာမင် C၊ ဗီတာမင် A၊ ဗီတာမင် B၊ ပိုတက်စီယမ်နဲ့ ဖောလစ်အက်ဆစ်တို့ ပါဝင်တာကြောင့် အချို့သော ဗီတာမင်ချို့တဲ့ရောဂါများအတွက် အကောင်းဆုံး ဗီတာမင်ဖြည့်စွက်စာတခုဖြစ်ပါတယ်။
ဂွေးသီးဟာ ဗီတာမင် C ပါဝင်မှု မြင့်မားတာကြောင့် သွေးခဲတွေကို ပျော်ဝင်အောင် ကူညီပေးပြီး သဘာဝအတိုင်း သွေးကျဲစေခြင်းဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးကာ သွေးတိုးရောဂါနဲ့ ပတ်သက်တဲ့ အန္တရာယ်တွေကို လျှော့ချပေးတဲ့အပြင် အမျှင်ဓာတ်ကလည်း သွေးတွင်းမကောင်းတဲ့ အဆီကို လျော့ကျစေတာကြောင့် ဂွေးသီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် နှလုံးကျန်းမာရေးကို ပိုမိုအထောက်အကူပြုကာ ပြင်းထန် နှလုံးရောဂါ၊ သွေးကြောတွေမာတာနဲ့ နှလုံးတိုက်ခိုက်ခံရတာ၊ လေဖြတ်တာကို တို့ကို တားဆီးပေးနိုင်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ဂွေးသီးမှာ ဗီတာမင် C နဲ့ flavonoid နဲ့ glycoside ဓာတ်တိုးဆန့်ကျင်ဓာတ်ပေါင်းများ ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေကာ ခန္ဓာကိုယ်မှ ရောဂါပိုးများကို ပိုမိုခံနိုင်ရည်ရှိစေပါတယ်။
ရေနဲ့ အမျှင်ဓာတ် မြင့်မားပြီး tannin နဲ့ terpenoid များပါ၀င်တာကြောင့် အစာခြေခြင်းကို အထောက်အကူပြုပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးခြင်း၊ အစာမကြေခြင်းနဲ့ လေပွခြင်းကို ထိန်းညှိပေးတဲ့အပြင် အူလမ်းကြောင်း ကျန်းမာရေးကို ထောက်ပံ့ပေးပြီး အစာအိမ်နဲ့ အူလမ်းကြောင်းရောင်ရမ်းခြင်းတို့ကို လျှော့ချပေးနိုင်ပါတယ်။
ဂွေးသီးမှာ ဗီတာမင် C အပါအဝင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ကော်လာဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး အရေးအကြောင်းများနဲ့ အရေပြားအစက်အပြောက်များကို လျှော့ချပေးကာ အသားအရည်ကို နုပျိုကျန်းမာအောင် ထိန်းသိမ်းပေးတဲ့အပြင် ပိုးသတ်ဆေး ဂုဏ်သတ္တိများက ဝက်ခြံ နဲ့ အရေပြားယားယံခြင်းများကို သက်သာစေပါတယ်။
ဂွေးသီးမှာ ဗီတာမင် A ကြွယ်ဝတာကြောင့် ဂွေးသီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် ကြက်မျက်သင့်ခြင်း နဲ့ အသက်အရွယ်နဲ့ဆိုင်တဲ့ မျက်ကြည်လွှာယိုယွင်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အရွက်သတ္တုရည်ကို မျက်စိနာဝေဒနာမှာ လိမ်းပေးနိုင်ပါတယ်။
ဂွေးသီးဟာ ကယ်လ်စီယမ်နဲ့ ဖော့စဖရပ် သတ္တုဓာတ်များ ပါဝင်တာကြောင့် အရိုးကို သန်မာစေကာ အရိုးပွရောဂါများကို ကာကွယ်ပေးတဲ့အပြင် သွားကြွေလွှာကို အားကောင်းစေပြီး ဝါးခြင်း/ ကြိတ်ခြင်းတို့ကြောင့် သွားထိခိုက်ခြင်းမှ ကာကွယ်ပေးပါတယ်။
သွေးနီဥထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ သံဓာတ်ပါဝင်တာကြောင့် ဂွေးသီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် အမျိုးသမီးများနဲ့ ကြီးထွားဆဲကလေးများမှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။
အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်ကာ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးပြီး အင်ဆူလင်ခံနိုင်ရည်ကို လျှော့ချပေးနိုင်တဲ့အတွက် ဆီးချိုရောဂါဝေဒနာရှင်များ ဂွေးသီးအသင့်အတင့်ကို ဓာတ်စာအဖြစ် စားသုံးခြင်းဖြင့် အကျိုးရှိစေပါတယ်။
ဂွေးသီးဟာ ဗီတာမင် C ကြွယ်ဝပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့အပြင် ကော်လာဂျင်ဖွဲ့စည်းမှုကိုလည်း အားကောင်းစေပြီး အနာကျက်ခြင်းလုပ်ငန်းစဉ်ကို အရှိန်မြှင့်ပေးပါတယ်။
ဂွေးသီးမှာ glycoside၊ tannin၊ saponin နဲ့ flavonoid ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွင်းရှိ အန္တရာယ်ရှိဓာတ်ကြွင်းပစ္စည်းများကို ချေဖျက်ပေးနိုင်ပြီး ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးကာ ကင်ဆာကဲ့သို့ နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
ဂွေးသီးဟာ အဆီနဲ့ကစီဓာတ်နည်းပြီး အမျှင်ဓာတ် မြင့်မားတဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပြီး ဂွေးသီးကို စားပေးခြင်းက အစာစားချင်စိတ်ကို လျှော့ချပေးတာကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။
ချောင်းဆိုးခြင်းအတွက် အရွက်လတ်လတ်ဆတ်ဆတ် ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ပျားရည်ကော်ဖီ ၁ ဇွန်းနဲ့ ရောမွှေပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ အသီး ၂-၃ မွှာကို ပါးပါးလှီးပြီး ထုထောင်း ရေညှစ်ကာ ဆားအနည်းငယ်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်သုံးနိုင်ပါတယ်။
ပန်းနာရင်ကျပ်နဲ့ လည်ချောင်းနာခြင်း စတဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများမှာ အခေါက်/အရွက်ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက် တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပြီး ရေနွေးငွေ့ကို ရှူသွင်းခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။
အသီးမှာ အမျှင်ဓာတ်ကြွယ်ဝပြီး အစာချေဖျက်မှုကို အားကောင်းစေကာ အူလမ်းကြောင်းကို ရှင်းလင်းစေပါတယ်။ ဝမ်းချုပ်ခြင်းနဲ့ အစာမကြေခြင်းများအတွက် အသီးပျော့ဖတ်ကို စားသောက်ပေးနိုင်ပါတယ်။ အသီးဟာ ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ပေးသည်။
ဝမ်းကိုက်၊ ဝမ်းပျက်ဝမ်းလျှောရောဂါများအတွက် အခေါက်ပြုတ်ရည်ကျကျကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက် တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
ဂွေးသီးစားသောက်ပေးခြင်းဖြင့် အသီးမှာ ပါဝင်တဲ့ ဗီတာမင် A (Retinolဓာတ်ပေါင်း)က မျက်လုံးအမြင်လွှာကို အားကောင်းစေပါတယ်။ အရွက်ပြုတ်ရည်ကို မျက်စိနာခြင်းများမှာ မျက်လုံးကို ဆေးကြောပေးနိုင်ပါတယ်။
ဂွေးသီးမှာ flavonoid နဲ့ saponin ပါဝင်လို့ အသည်းအဆိပ်အတောက်များကို လျှော့ချပေးပြီး အသည်းလုပ်ဆောင်ချက်ကို မြှင့်တင်ပေးနိုင်တာကြောင့် အသည်းကိုထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။
ဖျားနာခြင်းများအတွက် အသီးဖျော်ရည် ၁ ခွက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
ခန္ဓာကိုယ်တွင်း ယူရစ်အက်ဆစ်ပမာဏကို လျှော့ချပေးနိုင်တာကြောင့် အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် ဂေါက်ရောဂါကို သက်သာမှုရစေပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ ဆီးပူညောင်းကျရောဂါအတွက် အရွက်ပြုတ်ရည်ကျကျကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက် ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ပါးစပ်အနာပေါက်ခြင်းအတွက် အရွက်လတ်လတ်ဆတ်ဆတ်ကို သကြားနဲ့ရောထောင်းပြီး ပါးစပ်နဲ့ သွားဖုံးတွေကို ပွတ်ပေးပါ။ အရွက်အမှုန့်ကိုလည်း ခံတွင်းအနာများမှာ အသုံးပြုနိုင်ပါတယ်။
မှိုသတ်ဆေး အာနိသင်ရှိတာကြောင့် မက်ခရုရောဂါမှာ အခေါက်နဲ့ အရွက်ပြုတ်ရည်ကျကျကို ခံတွင်းငုံဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
အရေပြားယားယံခြင်းအတွက် အမြစ်ကို သွေးပြီး လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
အရေပြားအနာများနဲ့ အရေပြားပိုးဝင်ခြင်းများမှာ လတ်ဆတ်တဲ့ အရွက်သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် ဘက်တီးရီးယားပိုးမွှားများကို ကာကွယ်ပေးပြီး အနာကျက်မြန်စေပါတယ်။
ဂွေးသီးကို အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုကျိုးမရှိပေမဲ့ အလွန်အကျွံသောက်ခြင်းက အလွန်အမင်း အော့အန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အမြစ်မှာ သန္ဓေတားဆေးအာနိသင်ရှိတာကြောင့် သားသမီးရယူလိုသူမိခင်လောင်းများနဲ့ ကိုယ်ဝန်ဆောင်များ သုံးစွဲခြင်း မပြုသင့်ပါ။ ဂွေးသီးနဲ့ ဓာတ်မတည့်သူများ ဂွေးသီးပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။
နွေဦးပြည်သူများ ဂွေးသီးပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။