
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ လူအများအပြား ကူးစက်ရောဂါနဲ့ ဖျားနာမှုတွေ ခံစားနေရတယ်လို့ အမျိုးသမီးအကျဉ်းသူများအဖွဲ့ Women's Organization Of Political Prisoners က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
သာယာဝတီအကျဉ်းထောင်ကို ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တခြားအကျဉ်းထောင်တွေက ပြောင်းရွှေ့ပို့လာသူ များပြားလာတဲ့အတွက် အကျဉ်းထောင်အတွင်း နေရာထိုင်ခင်း အလွန်အမင်း ကျပ်တည်းတာ၊ လျှပ်စစ်မီးရရှိမှု နည်းပါးတာ၊ သုံးရေပြတ်လပ်တာတွေ ဖြစ်ပေါ်နေပြီး ရေမချိုးရတဲ့အပြင် တကိုယ်ရေသန့်ရှင်းမှု ကောင်းစွာ မပြုလုပ်ရတာကြောင့် အရေပြား ကူးစက်ရောဂါတွေအပြင် ဖျားနာမှုတွေလည်း ပိုမိုဆိုးရွားနေတယ်လို့ သိရပါတယ်။
အကျဉ်းသားတွေ အရေပြားရောဂါ ဖြစ်ပွားတာနဲ့ ဖျားနာတဲ့ရောဂါတွေ ဖြစ်ပွားနေပေမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလည်း ဆိုးရွားနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တခြားအကျဉ်းသူတွေနဲ့ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေ စကားအချေအတင် ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ဝန်ထမ်းအမျိုးသားတွေက နိုင်ငံရေးအကျဉ်းသူတွေကို အမျိုးသမီးဆောင်အတွင်း ဝင်ရောက် ရိုက်နှက်ခဲ့တယ် ဆိုတာကိုလည်း ကြားသိရပြီး နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။
ဒီလိုအခြေအနေတွေမှာ အကျဉ်းထောင်အာဏာပိုင်တွေရဲ့ တာဝန်ယူမှုမရှိတဲ့ လုပ်ရပ်တွေနဲ့ တရားဥပဒေမဲ့စွာ ကျင့်သုံးနေတဲ့ အခြေအနေတွေ၊ အခြေခံလူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ ဖြစ်ပေါ်နေပါတယ်။
မိုးရာသီကာလ အကျဉ်းထောင်အသီးသီးမှာ အရေပြားရောဂါ ဖြစ်ပွားမှုတွေ ဆိုးရွာနေပြီး လူဦးရေ ၇၀ ရာခိုင်နှုန်းအထိ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်လည်း ကောင်းစွာမပေးတဲ့အပြင် မိသားစုတွေ ပေးပို့တဲ့ ဆေးဝါးတွေလည်း ပို့ဆောင်ခွင့် မရရှိတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ အမျိုးသမီး အကျဉ်းသူများအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အကျဉ်းသားတွေ ကျန်းမာရေးစောင့်ရှောက်မှုမရဘဲ အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံနေရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။