
ရန်ကုန်တိုင်းထဲမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဩဂုတ်လအထိ ၈ လအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ ၂,၀၀၀ ကျော်ရှိခဲ့ပြီး ရောဂါကြောင့် ၁၅ ယောက် သေဆုံးခဲ့တယ်လို့ စစ်တပ်ဩဇာခံ ရန်ကုန်တိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဆီကနေ သိရပါတယ်။
ဇွန်၊ ဇူလိုင်လနဲ့ ဩဂုတ်လမှာ ဖြစ်ပွားမှုအများဆုံးဖြစ်ခဲ့တာကြောင့် အထူးစီမံချက်တွေ ရေးဆွဲဆောင်ရွက်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တကယ်ဖြစ်လာချိန်မှာတော့ ဆေးရုံတွေမှာ သွေးလုံလုံလောက်လောက်မရှိဘူးလို့ ကိုယ်တိုင်ကြုံခဲ့ရသူတယောက်က ပြောပါတယ်။
“ကလေးက သွေးလွန်တုပ်ကွေးကို အဆင့် ၄ ထိဖြစ်ခဲ့တာ။ ဆေးရုံအမြန်တင်ရတယ်။ အဓိက ဆေးရုံတွေမှာ သွေးလုံလုံလောက်လောက်မရှိလို့ ကလေးတွေက ဒုက္ခရောက်ရတာ။ ဆေးရုံတွေမှာက သွေးကို ဝယ်သုံးရတယ်။ ဝယ်မသုံးနိုင်ရင် ကိုယ့်ဘာသာ အလှူရှင်ရှာရတယ်။ ကျနော့်သမီးလေးဆို အလှူရှင်တွေများလို့ ကံကောင်းတာ” လို့ ပြောပါတယ်။
ဒဂုံမြို့သစ် (တောင်ပိုင်း)၊ သန်လျင်၊ ဒဂုံဆိပ်ကမ်း၊ ထန်းတပင်၊ မင်္ဂလာဒုံ၊ ကျောက်တန်းနဲ့ လှိုင်သာယာ စတဲ့ မြို့နယ်တွေမှာ သွေးလွန်တုပ်ကွေး ဖြစ်တာအများဆုံးလို့ သိရပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးစီမံချက်အဖြစ် အဘိတ်ဆေးခတ်တာ၊ ခြင်ဆေးဖြန်းတာတွေကို အထူးစီမံချက်အနေနဲ့ လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့် လက်တွေ့မှာတော့ အမှန်တကယ် မလုပ်ကြဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က မြန်မာနိုင်ငံတဝန်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၆,၄၅၂ ယောက်ရှိပြီး သေဆုံးသူ ၁၅ ယောက်ရှိတာကြောင့် ဒီနှစ်မှာ အရင်နှစ်ကထက် သေဆုံးတာ ပိုများလာတယ်လို့ သိရပါတယ်။
သွေးလွန်တုပ်ကွေးဟာ ခြင်ကျားလို့ခေါ်တဲ့ နေ့ဘက်မှာ ကိုက်လေ့ရှိတဲ့ခြင်ကနေ ကူးစက်ပြီး ကလေးငယ်တွေနဲ့ အသက် ၁၅ နှစ်အထက် လူငယ်တွေအထိ ဖြစ်တတ်ကြပါတယ်။
လက္ခဏာတွေကတော့ အဖျားကြီးတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ဗိုက်နာဗိုက်အောင့်တာ၊ ခန္ဓာကိုယ်မှာ အနီစက်တွေပေါ်လာတာ စတာတွေဖြစ်ပြီး နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ ကုသဖို့လိုအပ်ပါတယ်။