Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ကြက်မောက်ပန်းပင် ဆေးဖက်ဝင်
DVB
·
September 24, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကြက်မောက်ပန်းပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသား ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ကြက်မောက်ပန်းပင်ကို သိပ္ပံလို Amaranthus လို့ခေါ်ပြီး အင်္ဂလိပ်လို amaranth, pigweed, red-rooted pigweed, green amaranth, callaloo, prostrate pigweed, love lies bleeding စသဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။

ကြက်မောက်ပန်းပင်အရွက်မှာ ဗီတာမင် C နဲ့ ဗီတာမင် A, ဖော့စဖရပ်စ်၊ မန်းဂနိစ်နဲ့ သံဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ ကြေးနီ၊ အမျှင်ဓာတ် စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ riboflavin, niacin, folate, Flavonoid, amino acid, steroid, Fatty acid, palmitic, linoleic, lignoceric, archidic acid နဲ့ ascorbic acid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ သွေးသန့်စင်ခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဖက်ဆိုင်ရာမှာ ကြက်မောက်ပန်းပင်ရဲ့ ပင်စည်၊ အရွက်၊ အမြစ်နဲ့ အစေ့ တို့ကို သုံးစွဲကြပါတယ်။

ကြက်မောက်ပန်းပင်ရဲ့ အမြစ်၊ ပင်စည်နဲ့ အရွက်တို့ဟာ အသည်းကို အားကောင်းစေတဲ့အာနိသင် ရှိတာကြောင့် အသည်းရောင်အသားဝါ ရောဂါများမှာ တပင်လုံးပြုတ်ရည် ရေနွေးကြမ်း ပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

မိန်းမကိုယ်မှ အဖြူဆင်းခြင်း၊ ဆီးပူညောင်းကျခြင်းတို့အတွက် အမြစ်နဲ့ အစေ့ပြုတ်ရည်ကျကျ  တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို သကြား ကော်ဖီတဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

ဝမ်းလျှောဝမ်းပျက် ဝမ်းကိုက်ခြင်းအတွက် အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို နနွင်းမှုန့် ကော်ဖီဇွန်းတဝက်နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာ‌စေပါတယ်။

နှင်းခူနဲ့ အရေပြားယားယံခြင်းများမှာ အမြစ်ကို ထုထောင်းပြီး အရည်ကို လိမ်းပေးနိုင်ပါတယ်။

ပန်းသေ/ပန်းညှိုးခြင်းအတွက် အမြစ်မှုန့် ကော်ဖီတဇွန်းကို နွားနို့တခွက်နဲ့ ညအိပ်ချိန် သောက်သုံးပေးခြင်းဖြင့် သက်သာစေပါတယ်။

ကြက်မောက်ပန်းပင်မှာ galactagogue ပါဝင်တာကြောင့် အရွက်ကို ဟင်းချိုချက် သောက်ပေးခြင်းဖြင့် မိခင်နို့ထွက်နှုန်းကို တိုးမြင့်စေပါတယ်။

ရောင်ရမ်းနာကျင်ခြင်းများမှာ အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

အရွက်ကို ပွက်ပွက်ဆူအောင်ပြုတ်ပြီး သောက်သုံးပေးတာက စားသောက်ထားတဲ့ အဆီပိုတွေကို ဖယ်ရှားပေးပါတယ်။

ရာသီသွေးဆင်းခြင်းနဲ့ သွေးမတိတ်ခြင်း ပြဿနာများအတွက် အနီရောင် ကြက်မောက်ပန်းပင် ပြုတ်ရည်ကျကျကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက် တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် သက်သာစေပါတယ်။

ထိခိုက်ရှနာ၊ အနာများ၊ ပါးစပ်အနာဖြစ်ခြင်းတို့အတွက် အရွက်သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် အနာကျက် မြန်စေပါတယ်။

အဖျားရောဂါများမှာ အရွက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို ငရုတ်ကောင်းမှုန့် ကော်ဖီဇွန်းဝက်ခန့်နဲ့ တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

အရွက်သတ္တုရည်ကို ရောင်ရမ်းခြင်း၊ သွေးစုနာနဲ့ ပြည်တည်နာများအတွက် လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ချောင်းဆိုးခြင်း၊ လည်ချောင်းပိုးဝင်ခြင်းနဲ့ အဆုတ်ရောဂါများအတွက် အနီရောင် ကြက်မောက်ပန်းပင် ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက် တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

တုပ်ကွေးနဲ့ အအေးမိခြင်းမှ ကာကွယ်ရန်အတွက် အစေ့နဲ့ အရွက်ခြောက်မှုန့် ကော်ဖီဇွန်း ၂ ဇွန်းကို ချင်းမှုန့် ကော်ဖီဇွန်းဝက်ခန့်နဲ့ တနေ့ ၁-၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ကြက်မောက်ပန်းပင်ဟာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး အစာခြေစနစ်ကျန်းမာရေးကို မြှင့်တင်ပေးခြင်းနဲ့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။

ကြက်မောက်ပန်းပင်မှာ ပရိုတင်း ကြွယ်ဝတာကြောင့် သက်သတ်လွတ်စားသူများနဲ့ အသားရှောင်သူများအတွက် အကျိုးရှိစေပါတယ်။

ကြက်မောက်ပန်းပင်မှာ ပိုတက်စီယမ်နဲ့ ဖိုက်တိုအာဟာရဓာတ်များက သွေးပေါင်ချိန်ကို ထိန်းညှိရာမှာ ကူညီပေးတာကြောင့် ကြက်မောက်ပန်းပင်အမှုန့် ကော်ဖီ ၂ ဇွန်းခန့်ကို တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေပါတယ်။

ကြက်မောက်ပန်းပင်မှာ phytosterol နဲ့ အမျှင်ဓာတ်များ ပါ၀င်ပြီး မကောင်းတဲ့ သွေးတွင်းအဆီဓာတ်နဲ့ triglyceride တို့ကို လျှော့ချပေးတာကြောင့် နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

ကြက်မောက်ပန်းပင်မှာ ပါဝင်တဲ့ lunasin နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက နာတာရှည် ရောင်ရမ်းမှုကို တိုက်ဖျက်နိုင်တဲ့အာနိသင် ရှိတာကြောင့် ကြက်မောက်ပန်းပင် လက်ဘက်ခြောက် ရေနွေးကြမ်း အသင့်အတင့်ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများနဲ့ နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့ပါးစေပါတယ်။

ကြက်မောက်ပန်းပင်မှာ ဗီတာမင် A, C, နဲ့ E တို့ ပါ၀င်ကာ ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ရောဂါပိုးများကို တိုက်ဖျက်ပေးပါတယ်။

ကြက်မောက်ပန်းပင်မှာ ပါဝင်တဲ့ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့က အရိုးများကို သန်မာစေကာ အရိုးအားနည်းခြင်းကို တားဆီးပေးပါတယ်။

ကြက်မောက်ပန်းပင်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ဗီတာမင်များ ကြွယ်ဝစွာပါဝင်ပြီး အသားအရေကို နုပျိုတောက်ပစေပါတယ်။ အစေ့အဆီကို လိမ်းပေးခြင်းဖြင့် အရေပြား အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး အရေပြားကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

ကြက်မောက်ပန်းပင်မှာ ပရိုတင်းနဲ့ အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကြက်မောက်ပန်းပင်ကို ချက်ပြုတ်စားသောက်ခြင်းက အချိန်ကြာကြာ ဗိုက်ပြည့်နေစေပြီး မကြာခဏ စားသောက်လိုစိတ်ကို လျော့ပါးစေကာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းရာမှာ အထောက်အကူပြုပါတယ်။

အရွက်ကို အတို့အမြှုပ်/ချက်ပြုတ်စားသောက်ခြင်းဖြင့် လေသက်စေပြီး လေထိုးလေအောင့် ဖြစ်ခြင်းကို သက်သာစေပါတယ်။

ကြက်မောက်ပန်းပင်ကို အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသုံးတာကြောင့် အစာချေဖျက်မှု အဆင်မပြေခြင်း၊ ဝမ်းချုပ်ခြင်း၊ ကြွက်တက်ခြင်းနဲ့ လေပွခြင်း စတဲ့လက္ခဏာများ ခံစားရနိုင်ပါတယ်။ တချို့ ဓာတ်မတည့်သူများမှာ အန်ခြင်း၊ အင်ပျဉ်ထခြင်း၊ နှာရည်ယိုခြင်း၊ အသက်ရှူကျပ်ခြင်း၊ ဝမ်းဗိုက်နာခြင်း ဖြစ်တတ်ပါတယ်။ ဓာတ်မတည့်သူများ ကြက်မောက်ပန်းပင်ထွက် ပစ္စည်းများကို ရှောင်ကြဉ်ပါ။ ကျောက်ကပ် ကျောက်တည်သူများ ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူများ ကြက်မောက်ပန်းပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024