Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် လိပ်ဆူးရွှေပင် ဆေးဖက်ဝင်
DVB
·
September 3, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် လိပ်ဆူးရွှေပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

လိပ်ဆူးရွှေပင်ကို သိပ္ပံလို Barleria prionitis လို့ခေါ်ပြီး အင်္ဂလိပ်လို  scrub Philippine violet, Crested philippine violet, bluebell barleria, December flower လို့ခေါ်ကြပါတယ်။

လိပ်ဆူးရွှေပင်မှာ iridoid glycoside, 7-methoxydiderroside, lupulinoside, flavonoid, Saponin, Tannin, Barleria prionitis, phenylethanoid glycoside, β-sitosterol, pipataline, lupeol, Phenolic Acid, syringic acid, ferulic acid, caffeic acid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ ကပ်ပါးပိုးကို ဆန့်ကျင်ခြင်း၊ အတွင်းတိမ်ကို ကာကွယ်ပေးခြင်း၊ သန္ဓေတားနိုင်စွမ်းရှိခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ဆီးချိုရောဂါ တိုက်ဖျက်ခြင်း၊ အဆစ်ရောင်ရောဂါဆန့်ကျင်ခြင်း၊ နူးရိုတစ်၊ ခုခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ သလိပ်ပျော်စေခြင်း၊ အဖျားကျစေခြင်း၊ ချွေးထုတ်ဆေးအာနိသင်ရှိခြင်း၊ ဆီးရွှင်ဆေးအာနိသင်ရှိခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ ကျောက်ကပ်ကို ကာကွယ်ပေးခြင်း၊ မှတ်ဉာဏ်ကို ကောင်းစေခြင်း   စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဖက်ဆိုင်ရာမှာ လိပ်ဆူးရွှေပင်ရဲ့ ပင်စည်၊ အရွက်၊ အညွန့်နဲ့ အမြစ်တို့ကို သုံးစွဲကြပါတယ်။

လိပ်ဆူးရွှေအရွက် သတ္တုရည်ကို ဒိန်ချဉ်နဲ့ရောပြီး ဦးရေပြားပေါ် လိမ်းပေးခြင်းဖြင့် ဆံသားကို သန်စွမ်းစေပြီး ဆံကေသာကြီးထွားမှုကို ကူညီပေးပါတယ်။

အရွက်ကို ထုထောင်းပြီ ရောင်ရမ်းတဲ့နေရာမှာ လိမ်းပေး၊ အုံပေးထားနိုင်ပါတယ်။

ဆီးသွားခက်ခြင်းနဲ့ ဆီးပူလောင်ခြင်းကို ကုသရန် အပင်/အရွက်ပြုတ်ရည် တခါသောက် ‌ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အရွက်ကို ဝါးပေးခြင်းဖြင့် သွားကိုက်ခြင်း၊ သွားပိုးစားခြင်းကို သက်သာစေပါတယ်။ သွားဖုံးသွေးယိုခြင်းအတွက်  အမြစ်ပြုတ်ရည်ကို ခံတွင်းဆေး ငုံဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

အရွက်ကို နှမ်းဆီနဲ့ချက်ပြီး ဦးရေပြားပေါ် လိမ်းပေးခြင်းဖြင့် အဆီပြန်ခြင်းကို သက်သာစေပါတယ်။

အရွက်ကို နှမ်းဆီနဲ့ချက်ပြီး အနာနဲ့ ထိခိုက်ရှနာများမှာ လိမ်းပေးနိုင်ပါတယ်။ အမြစ်ကိုထုထောင်းပြီး သွေးစုနာနဲ့ ဂလင်းများ ရောင်ရမ်းခြင်းများမှာ လိမ်းပေးနိုင်ပါတယ်။

ပွေး၊ ဝဲ၊ ယားနာ စတဲ့ အရေပြားရောဂါများမှာ အရွက်သတ္တုရည်ကို လိမ်းကျံပေးနိုင်ပါတယ်။

အပင်/အရွက်ကို ရေမှာ တညစိမ်ပြီး တခါသောက် ရေနွေးကြမ်းပန်း ၁ ခွက်ကို တနေ့ ၁ ကြိမ် သောက်သုံးပေးခြင်းဖြင့် သွေးကို သန့်စင်စေပါတယ်။ အဖျားရောဂါများမှာလည်း တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ကလေးများ အဖျားတက်ခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ သလိပ်များခြင်းနဲ့ အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်းများမှာ အရွက်သတ္တုရည် ကော်ဖီ ၁ ဇွန်းကို ပျားရည်အနည်းငယ်ဖြင့် တနေ့ ၂ ကြိမ်ခန့် တိုက်ကျွေးပေးနိုင်ပါတယ်။

ဂေါက်ရောဂါမှာ အပင်/အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်း ၁ ခွက်ကို တနေ့ ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

အရွက်သတ္တုရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို စမုံစပါးမှုန့် ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၂ ကြိမ်ခန့် သောက်သုံးပေးခြင်းဖြင့် အမျိုးသားများ သုက်ရည်ယိုခြင်းကို သက်သာစေပါတယ်။

ဆီးနည်းခြင်း၊ ဖောရောင်ခြင်းများမှာ အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့  ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

အာရုံကြောအားနည်းခြင်း၊ အာရုံကြောဆိုင်ရာ ချို့ယွင်းတဲ့ ရောဂါများမှာ အမြစ်မှုန့် ကော်ဖီ ၁  ဇွန်းကို ပျားရည်ဖြင့် တနေ့ ၁- ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ကြွက်အဆိပ်သင့်ခြင်းအတွက် အမြစ်သွေးရည် ဟင်းစားဇွန်း ၁ ဇွန်းကို ပျားရည် ကော်ဖီ  ၁ ဇွန်းနဲ့ ရောပြီး တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဝမ်းချုပ်ခြင်း၊ အစာမကြေခြင်းနဲ့ ရာသီလာချိန် နာကျင်ခြင်းတို့အတွက် အရွက်ကို ထန်းလျက် အသင့်အတင့် ထည့်ပြုတ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ အသည်းရောင် အသားဝါဖြစ်ခြင်းနဲ့ ရေဖျဉ်းစွဲခြင်းတို့အတွက် တပင်လုံးပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆီးချိုရောဂါဝေဒနာရှင်များ အရွက်အသင့်အတင့်ကို ရေနွေးကြမ်းအဖြစ် ပုံမှန်သောက်ခြင်းဖြင့် အကျိုးရှိစေပါတယ်။

လိပ်ဆူးရွှေပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲတာက အစာခြေပြဿနာများ၊ ရင်ပြည့်ခြင်း၊ ရင်ပူခြင်း စတဲ့ပြဿနာများ ဖြစ်စေနိုင်ပါတယ်။ လိပ်ဆူးရွှေပင်မှာ ကိုယ်ဝန်ကို ဆန့်ကျင်တဲ့ အာနိသင်ရှိတာကြောင့် သားသမီးရယူလိုသူ မိခင်လောင်းများနဲ့ ကိုယ်ဝန်ဆောင်မိခင်များ လိပ်ဆူးရွှေပင် သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ လိပ်ဆူးရွှေပင်နဲ့ ဓာတ်မတည့်သူများ လိပ်ဆူးရွှေပင်ထွက် ပစ္စည်းများကို ရှောင်ကြဉ်ပါ။

နွေဦးပြည်သူများ လိပ်ဆူးရွှေပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013