
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဝါပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။
ဝါပင်ကို သိပ္ပံလို Gossypium herbaceum ,Gossypium barbadens လို့ခေါ်ပြီး အင်္ဂလိပ်လို Cotton plant လို့ခေါ်ပါတယ်။
ဝါပင်အမြစ်မှာ Hemigosypol, အပွင့်မှာ Quercimetitrin အစေ့မှာ Gossypol, Caryophyllene, Pinene, Limonene Gossypium herbaceum ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း၊ အကျိတ်အဖု ဆန့်ကျင်ခြင်း၊ ဆီးချိုဆန့်ကျင်ခြင်း၊ သားအိမ်ကျုံ့စေခြင်း၊ ကိုယ်ဝန်ဖျက်ဆေး၊ သန္ဓေတားဆေး အာနိသင်ရှိခြင်း၊ သုက်ပိုးထုတ်လုပ်မှုကို ဆန့်ကျင်ခြင်း၊ ဘက်တီးရီးယား ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ အဆိပ်ဖြေဆေးအာနိသင်ရှိခြင်း စတဲ့အာနိသင် ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ဝါပင်ရဲ့ အရွက်၊ အမြစ်၊ အပွင့်၊ အစေ့ အသုံးပြုကြပါတယ်။
ကြွက်ကိုက်ခြင်းအတွက် ရွက်သတ္တုရည်အရည် ဟင်းစားဇွန်း ၁ ဇွန်းကို ဆန်ဆေးရည် ခွက်နဲ့ ရောစပ်ပြီး သောက်သုံးပေးနိုင်ပါတယ်။ ကြွက်ကိုက်ခြင်းကြောင့် သော အဆိပ်အတောက်များ ပျံ့နှံ့ခြင်းကို ပျောက်ကင်းစေပါတယ်။
အဆိပ်အတောက်များ စားသုံးမိပါက အနီရောင်ဝါသီးသတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် မျိုချမိတဲ့ အဆိပ်တွေကို ပြေစေပြီး ဖြေဆေးအဖြစ် လုပ်ဆောင်ပေးပါတယ်။
ကင်းမြီးကောက်ကိုက်ခြင်းအတွက် အရွက်နဲ့အစေ့ကို ရောကြိတ်ပြီး ချက်ချင်းလိမ်းပေးခြင်းဖြင့် မကြာခင် ပျောက်ကင်းစေပါတယ်။
ပန်းပွင့်သတ္တုရည်ကို မီးလောင်ဒဏ်ရာမှာ လိမ်းပေးခြင်းဖြင့် ဒဏ်ရာတွေကို တဖြည်းဖြည်း သက်သာပျောက်ကင်းစေပါတယ်။
အဆစ်အမြစ်ကိုက်ခဲခြင်းအတွက် အရွက်ကို ထုထောင်းပြီး ကြက်ဆူဆီနဲ့ အပူပေးကာ အဆစ်မှာ လိမ်းပြီး ပတ်တီးနဲ့ စည်းပေးထားခြင်းဖြင့် အဆစ်အမြစ်နာတွေကို တဖြည်းဖြည်း သက်သာ ပျောက်ကင်းစေပါတယ်။
ခြေထောက်များ ရောင်ရမ်းခြင်းအတွက် အရွက်သတ္တုရည်ကို လိမ်းပေးနိုင်ပါတယ်။
မျက်စိဝေဒနာများအတွက် အရွက်ကို ထောပတ်နဲ့ပြုတ်ပြီး အအေးခံကာ မျက်လုံးပေါ် လိမ်းပြီး ပတ်တီးနဲ့ အုပ်ထားပေးခြင်းဖြင့် မျက်လုံးနာခြင်းများကို သက်သာစေပါတယ်။
သွားမှဘက်တီးရီးယားများကို ဖယ်ရှားရန်အတွက် အိုးတလုံးမှာ ဝါဂွမ်းစေ့ကို မည်းသွားအောင် လှော်ပြီး သွားအရင်းမှာ သိပ်ပေးခြင်းဖြင့် သွားကျန်းမာရေးကို အကျိုးပြုပါတယ်။
ပါးချိတ်ရောင်ခြင်းအတွက် ဝါရွက်သတ္တုရည်ကို လိမ်းပေးနိုင်ပါတယ်။
နားပြီယို၊ နားကိုက်ခြင်းအတွက် အသီးသတ္တုရည်ကို ပျားရည်ရောစပ်ပြီး နားတွင်း အစက်ချဆေးအဖြစ် အသုံးပြုခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
အစေ့ကိုထုထောင်းပြီး ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ အဆိပ်ရှိ အကိုက်ခံရခြင်း၊ ဒဏ်ရာမျာ၊ အနာများအတွက် ပြင်ပ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
အစေ့အဆီကို လေငန်းရောဂါ၊ မျက်နှာအကြောသေခြင်း၊ အာရုံကြောနဲ့ ကြွက်သားပြဿနာများမှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
ဖျားနာခြင်းအတွက် အစေ့ ပြုတ်ရည် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို အဖျားမတက်ခင် သောက်ပေးခြင်းဖြင့် အချိန်မှန်ဖျားခြင်းကို သက်သာစေပါတယ်။
ဝါရွက် ပြုတ်ရည်ကျကျ ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို နွားနို့ပူပူနဲ့ တနေ့ ၂ ကြိမ် သောက်သုံးခြင်းဖြင့် ဝမ်းကိုက်ခြင်းကို ပျောက်ကင်းစေပါတယ်။
ဝါရွက် ပြုတ်ရည်ကျကျ ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို ထန်းလျက် အနည်းငယ်ထည့်ပြီး သောက်ခြင်းဖြင့် ရာသီသွေးဆင်းချိန်အတွင်း ကိုက်ခဲနာကျင်ခြင်းများကို ပျောက်ကင်းစေပါတယ်။
ဝါစေ့ဆီ ကော်ဖီ ၁ ဇွန်းကို ပျားရည်ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် အစာအိမ်အနာကို သက်သာပျောက်ကင်းစေပါတယ်။
ဝါစေ့ဆီ ကော်ဖီ ၁ ဇွန်းကို တနေ့တကြိမ်ခန့် ပုံမှန်သောက်ပေးခြင်းဖြင့် အမျိုးသမီးများ သားအိမ်အလုံးအကျိတ်၊ အရေကြည်အိတ် ဖြစ်ခြင်းကို သက်သာစေပြီး ကင်ဆာဖြစ်ပွားနိုင်ချေကို လျော့နည်းစေပါတယ်။
ဝါစေ့ဆီမှာ ဗီတာမင်အီး ပါဝင်ပြီး ဓာတ်ဆိုးဆန့်ကျင်ဂုဏ်သတ္တိရှိတာကြောင့် ဝါစေ့ဆီအသင့်အတင့် စားသုံးခြင်းဟာ အာရုံကြောကျန်းမာရေးနဲ့ မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေပါတယ်။
ဝါပင်ကို အသင့်အတင့် သုံးစွဲခြင်းက ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ သုံးစွဲပါက မူးဝေခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဝါပင်မှာ သားအိမ်ကျုံ့နိုင်တဲ့ အာနိသင်ရှိတာကြောင့် သားသမီးရယူလိုသူ မိခင်လောင်းများနဲ့ ကိုယ်ဝန်ဆောင်မိခင်များ ဝါပင် စားသောက်ခြင်းကို ရှောင်ကြဉ်ပါ။ ဝါပင် နဲ့ ဓာတ်မတည့်သူများ ဝါပင်ပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူများ ဝါပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။